မောင်ချောနွယ်အတွက် မနေနိုင်လို့ ရေးတဲ့ကဗျာ (အောင်ချိမ့်)
မိုးတွေရွာပေါ့
အဲသလို မိုးတွေရွာတုန်းတနေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။
အဲသလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လဲ
ထွက်ခွာသွားခဲ့ပါတယ်။
ခုတခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း ၃၀ ကျော်
ငါတို့ချီတက်ခဲ့ကြရာမှ
မင်း ထွက်ခွာသွားပေါ့။
သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။
အဲဒါကြောင့်
ငါတို့ ရယ်ခဲ့ကြရတယ်။
သူဟာ သူငယ်ချင်းတွေကို
အမြဲ မနာလိုရှိခဲ့တယ်။
အဲဒါကြောင့်လည်း
ငါတို့ ရယ်ခဲ့ကြတယ်။
သူဟာ အများသိ ကဗျာဆရာပေါ့
ဒါပေမယ့် အဲဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။
ငါတို့ ကဗျာတွေ အများကြီး
ဖတ်ခဲ့ရတယ်။
အဲသလို ရယ်စေ
ကဗျာတွေဖတ်ရစေတဲ့…….
…………………အဲ့ဒီနေရာမှာ
ငါ့ ကဗျာဟာရပ်သွားတယ်။
ငါ ဘာဆက်ရေးရမလဲ
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ ကလောင်ကို ခဏချ
ငေးတိ ငေးရာ ငေးရတယ်။
သြော်… မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောက်တည်ရာ မရခဲ့ပါဘူး။
ဖန်ခွက်တခွက်နဲ့
အရက် တခွက်တခွက်နဲ့
သွေး တစက် တစက်နဲ့
ဘ၀ တဆတ်ဆတ် ကတုံကယင်နဲ့
ငြင်းပယ် ခံရမှုနဲ့
လှည့်လည် တောင်းခံရမှုနဲ့
တကိုယ်လုံး ထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့ ပါးလျား သေးသေးလေး
သေးသေးလေး အစက်လေး တစက်
အစက် တစက်။
အဲဒီ အစက်လေး တစက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။
သြော်… သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။
‘ သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ’ ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါ ငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ
ငါတို့ ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။
အိမ်မှာ ပန်းချီကားတချပ်
တိမ်ပြာထဲ ခေါင်းအုံးတလုံး
အဲဒီမှာ ခေါင်းအုံးကာ
မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။
ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတယောက် မူးတိုင်းရွတ်ပြတယ်
“ မင်းတို့ ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု.. ဘယ်မှာရှိတော့လို့တုန်း” တဲ့
ပြက်လုံးပါ။
ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ။
သြော်.. သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။ ။