အအေးခွက်ဖယ်လိုက်ရင် ရေစက်အကွင်းလေးကျန်ခဲ့သလို
မရည်ရွယ်ထားတဲ့ ကဗျာတွေ ရင်မှာ ကျန်ခဲ့ရတယ်
နင်နဲ့ငါက သီးခြားစီပဲ
နင်နဲ့ငါက တခုတည်းပဲ
သီးခြားနေ အဖွဲ့အစည်းတခုရဲ့
စုစုပေါင်းစွမ်းအင်က ကိန်းသေပဲ
နင်ပျော်ရင် ငါပျော်ပါတယ်
ငါမျှော်ရင်လည်း နင်မျှော်နေမှာပဲ
ဆုံတွေ့ဖို့ လိုတာက တယောက်ဆံပင်နဲ့
နောက်တယောက်ရဲ့ လက်ချောင်းတွေ သီးသန့်ပဲ
ငါတို့ စိတ်တွေက ဝေးတယ်လို့မှ မရှိခဲ့တာ
ဝမ်းနည်းစရာရှိလာတိုင်း နင်ရှိတယ်ကနေ
နင်ရှိရင်ကောင်းမယ်လို့ ပြောင်းတွေးနေရတယ်
ဒါကပဲ ဝမ်းနည်းစရာ အကြောင်းရင်းလည်း
ဖြစ်ရင်ဖြစ်နေတတ်တယ်
အနာဆိုတာ မနာတဲ့နေရာပါ နာရမှာပဲ
အရင်ကထက် စာရင်တော့ ငါ တည်ငြိမ်သွားတယ်
ရေပြင်တခုလို ငါ တည်ငြိမ်သွားတယ်
နင် ဘယ်ပုံသဏ္ဍန်နဲ့ ထိမှန်လာလာ
ဝိုင်းစက်မှု တမျိုးနဲ့ပဲ ဂယက်ထနေဦးမယ့်
ရေပြင်တခုလို ငါ တည်ငြိမ်သွားပါတယ်
ချောင်းတခုမှာ ရေနှစ်ခါမချိုးနိုင်လည်း
နင်တယောက်ကိုတော့ နှစ်ခါချစ်ချင်တယ်
လွဲခဲ့တယ်ဆိုတာလည်း အချိန်ကလွဲလို့ အရာရာမှန်ခဲ့သားပဲ
ဖြစ်လေရာ ဘဝတိုင်းအတွက်
ရောက်လေရာ ဘုရားတိုင်းမှာ ငါ နာရီလှူဖြစ်တယ်
သတိရပါတယ်
အစစအရာရာနဲ့ ရာရာစစပေါ့ ကလေးရယ်
မြတ်ကျော်