ဒီလိုနဲ့ နယ်နမိတ်တွေဟာ အလယ်မှာရှိမှန်း၊ နှစ်များစွာနေပြီးမှ သင်ရိပ်မိလာလိမ့်မယ်၊ မျက်စိမမြင်တဲ့လူက နံရံအဆုံးကို တောင်ဝှေးနဲ့ တဒေါက်ဒေါက်စမ်းနေသလို နယ်နမိတ်ဆိုတာ အစွန်အဖျားမှာလို့ သင်ထင်ခဲ့ ဥယျာဉ်ရဲ့ နယ်နမိတ်ကို အုတ်တံတိုင်းဆိုလို့ အဲ့ဒီအပေါ်ပွင့်တဲ့ပန်းတွေက ရယ်ကြလေရဲ့ ငါတို့ဟာ တဖန်ပြန်ငယ်ရွယ်ခဲ့ပြန်ရင်လည်း မြေတိုင်းအရာရှိပေါက်စတွေလို တက်ကြွမှုနဲ့ အချစ်ရဲ့နယ်ခြားမျဉ်းကို လျှာနဲ့ရေးဆွဲဦးမှာပဲ အိမ်ထောင်ရေးကိုလည်း သစ်စာမဲ့မှုနဲ့ အနားကွပ်တဲ့ ရောင်စုံစပ်စောင်ကြီးအဖြစ် ငါခြုံခဲ့တယ် ပြီးတော့အဲ့ဒီ့စောင်အောက်မှာ ငါတာဝန်ထမ်းခဲ့ အဝတ်မပါ ကိုယ်တုံးလုံးနယ်ခြားစောင့်ရဲအဖြစ်နဲ့ နယ်စပ်ရောက်ရင်တော့ ရဲမှန်ရင် အချုပ်ကျဖူးမှ မိန်းမနှစ်ယောက်နဲ့အိပ်ပြီး ပိုက်ဆံနှစ်မျိုးသုံးဖူးမှ နိုင်ငံနှစ်ခုကိုမြစ်နဲ့ခြားထားတဲ့အခါမျိုးမှာ နိုင်ငံမဲ့တွေဟာ မြစ်လယ်ကသောင်မှာနေသလိုမျိုး ငါဟာ နယ်နမိတ်ရဲ့အဟကို အမြဲရှာနေမိတယ်၊ ငါတို့ဟာ နယ်နမိတ်ကို အမြဲပြန်ဆွဲနေရ ခွေးဟာ သူ့နယ်နမိတ်ကို နေ့စဉ်သေးနဲ့ရေးသလိုပေါ့၊ ဒါမှမဟုတ် ကိုလိုနီခေတ်က နေ့လည်စာစားရင်း ထိုင်ရာမထ လက်နဲ့ လေထဲ ဟိုထိုးဒီထိုးပြပြီး ဘယ်တော့မှ ပြန်ပေါင်းစည်းလို့မရမယ့် အမြွှာနိုင်ငံရဲ့ နယ်ခြားစည်းကိုဆွဲခဲ့တဲ့ မျက်နှာဖြူလို မြေကြီးပေါ် တုတ်နဲ့ခြစ်ပြီး ငါတို့မျဉ်းသားမလား မဟုတ်ရင်လည်း ကလေးတွေကစားသလိုမျိုး ထမင်းရည်ပူစည်း ချမလား တံတွေးနဲ့ မှတ်မလား၊ မဟုတ်လည်း လျှပ်စစ်လွှတ်ထားတဲ့ သံဇကာပေါ့ သစ်ပင်တပင်ကို စည်းရိုးခတ်ရုံနဲ့နတာ့ ငှက်တွေမလာအောင် လုပ်လို့မရဘူးလေ ပြီးတော့ ငှက်တွေစားခဲ့တဲ့ သစ်စေ့တွေကနေ နယ်နမိတ်တွေဟာ နေရာအနှံ့ပြန့်ကျဲကုန်ရဲ့၊ နယ်နမိတ်ဆိုတာ အနားသတ်မဟုတ် ကမ်းစပ်မဟုတ် နယ်နမိတ်ဆိုတာ ရင်ချင်းဆက်အမွှာရဲ့ တခုတည်းသောနှလုံးအလယ်က ဆော့ဖ်ပ်ပင်ရာပဲ။ ။