တစ်ယောက်ကို တစ်ယောက် အများဆုံး သတိရဖို့အတွက် ကိုယ်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် အဝေးဆုံး တစ်နေရာဆီမှာ နေ။ မမြင်နိုင်။ ဘ၀မှာတောင် သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက် ကိုယ်စီနဲ့။ တပ်မက်မှု ကိုယ်စီနဲ့။ နေသွား၊ ကြယ်သွား၊ ကမ္ဘာပတ် လမ်းကြောင်းတွေ အကုန်လုံးကို ရွေ့ပြောင်းနိုင်ခဲ့သော ချစ်ခြင်းမေတ္တာတွေအားဖြင့် ကိုယ်တို့ဟာ တစ်ယောက်ကို တစ်ယောက် ခွဲခွာ။ တောင်တန်းတွေ အပေါ်က မိုးရေတစ်စက် ဆိုတာလည်း ကိုယ်တို့အတွက် မိုးရေတစ်စက်စာ ဆိုတာလောက် အေးခဲမှုတွေပဲ။ ခန္ဓာကိုယ် အချင်းချင်း ပူးကပ်ထားဖို့အတွက် လေထုတွေကိုလည်း ကိုယ် ဖြတ်သန်းခဲ့။ ကိုယ်ဟာ ဘယ်နေရာမှာမှ အသုံးမကျခဲ့တဲ့ ကောင်းဘွိုင်တစ်ယောက်။ ဒီအတွက်ကြောင့်ပဲ သေဆုံးဖို့အတွက် နည်းလမ်းပေါင်း တစ်သန်းလောက်နဲ့ ရုန်းကန်နေခဲ့ရသလို။ နောက်ကျခဲ့ရတယ် ဆိုတာကလည်း ဆူးမရှိတဲ့ သဲကန္တာရ။ ရန်ကုန်မြို့အလယ် တိုက်ခန်းတစ်ခု အထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အမှတ်မထင် ဆုံတွေ့မိခဲ့ကြသလို၊ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်တာနဲ့ အကြည့်တွေကို အချင်းချင်း နားလည်သွားကြသလို။ အမှောင်ထုက ကိုယ်တို့ရဲ့ ဝိညာဉ်တွေကို ရှာဖွေလို့။ သူစိမ်းတစ်ယောက်နဲ့ စကားပြောဖြစ်တိုင်း မင်းရင်ထဲမှာ လိပ်ပြာလေးတွေ ပျံသန်းနေမလား၊ လူတစ်ယောက်ဆီမှာ လိပ်ပြာတွေက အချိန် ဘယ်လောက်ကြာကြာ နေထိုင်နိုင်တာ။ ကိုယ့်ရင်မှာ ပူလာတယ်။ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ကိုယ်တို့ လိုအပ်နေတဲ့ သီချင်းတွေ ဘယ်မှာ။ ကိုယ်တို့သာ ခြေကုန်လက်ပန်းကျ၊ ဘယ်နေရာကိုမှလည်း မရောက်နိုင်။ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတဲ့ နောက်ဆုံးနှုတ်ဆက်သီချင်း။ ဒီလိုနဲ့ ကိုယ်တို့အားလုံး သေဆုံးသွားခဲ့ကြမှာပဲ။ ကိုယ်တို့ သေဆုံးခဲ့တဲ့ အချိန်မှာတော့ ကိုယ်တို့ရဲ့ ခန္ဓာကိုယ် အပေါ်မှာ လိပ်ပြာတွေက ဝဲလို့။
မိုးရဲ