ပေါင်းသင်းဆက်ဆံရေးဆိုတာသိပ်ကိုမှခက်ခဲတဲ့ဘာသာလို့လူတိုင်းကလက်ခံထားကြတယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူကစီးပွားဥစ္စာရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီလိုတဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူရနိုင်ချေပိုပြီးများတတ်တယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးတိုင်းဟာ ကြည်လင်တဲ့ကန်ရေပြင်လိုထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကိုဖောက်ထွင်းသိမြင်နိုင်ဖို့ ဘယ်ပညာရပ်ကမှ အလုံးစုံအသုံးမတည့်နိုင်ဘူး။
ဆိုရိုးစကားတစ်ခုရှိတယ်။ ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ့်ထံပြန်လာမည်တဲ့။ဆိုလိုတာကတော့ သူများဆီကနေကောင်းတာ လိုချင်တယ်ဆိုရင် ကိုယ့်အနေနဲ့လည်းကောင်းအောင်နေရမယ်။ကောင်းကောင်းမွန်မွန် ဆက်ဆံရေးကိုလိုချင်ရင် ကိုယ့်ဘက်က လည်းအောက်ကျို့သင့်တာအောက်ကျို့ချိုသာသင့်တာချိုသာ၊ လိုက်လျောသင့်တာလိုက်လျောရမယ်။ ထို့အတူပဲဘယ်အချိန်မှာ ကိုယ့်ရဲ့အနစ်နာခံမှုတွေကိုရပ်တန့်ရမလဲဆိုတာကိုကိုယ်တိုင်သိနိုင်ရမယ်။ သိတဲ့အချိန်မှာပဲသိတဲ့အတိုင်းဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီးပြောင်းလဲသင့်တာကိုပြောင်းလဲရမယ်။