“ကျရှုံးမှုဆိုတာ ခံစားချက်တစ်ခုပါပဲ” ဒီစကားဟာ အောင်မြင်သူဌေးဖြစ်ရေးကျမ်းတစ်ခုထဲက စကားတစ်ခုနဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့မပါတဲ့ စိတ်ကူးယဉ်အကောင်းမြင်မှုတွေသိုင်းဝိုင်းပြီး ပျားရည်နဲ့ဝမ်းချနေတဲ့လောကကြီးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ရဲ့ စကားဖြစ်ပါတယ်။ သူက ခွဲခြားဆက်ဆံမှုတွေပြည့်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က အမျိုးသမီးတစ်ယောက်။ သည့်ပြင် အာဖရိကန်နွယ်ဖွား တစ်ခါဖြစ်နေပြန်ပါတယ်။ ကြပ်တည်းတဲ့ မိသားစုနောက်ခံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ သူ့ဖြစ်တည်မှုဟာ စီးပွားရေး၊ လူမျိုးရေး၊ ပညာရေး အဖက်ဖက်က လက်ညှိုးထိုးလှောင်ပြောင်ခံခဲ့ရပေမဲ့ သူဟာ အိမ်ထောင်သည်ကောင်း၊ မိခင်ကောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဝဆိုးကြီးကို ကျော်လွှားအောင်မြင် အောင်ပန်းဆင်နိုင်ဖို့ သူစောင့်ထိန်းရတာတွေ၊ ခံယူရပ်တည်ရတာတွေလည်း ရှိတာပေါ့။ အခုအပိုင်းဟာ မစ်ရှဲလ်အိုဘားမားရဲ့ ဘုန်းတော်ဘွဲ့မဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားကို အခန်းဆက်ပြီး လှစ်ခနဲလှစ်ခနဲ ကောက်နုတ်ပြောပြမှုသာဖြစ်ပါတယ်။ မစ်ရှဲလ်က အခုဆိုရင် အသက် ၆၀ စွန်းနေပြီ။...