ဗိုလ်နေဝင်းကစလို့ ဗိုလ်သန်းရွှေလက်ထက်အထိ တပ်အတွက် အရေးကြီးတဲ့ တပ်တွင်းစည်းရုံးရေးထက် အာဏာတည်မြဲရေးကို ဦးစားပေးပြီး ကိုယ့်တပ်ကိုယ်နင်း၊ ကိုယ့်လူ ကိုယ်သတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ နိုင်ငံမှာ စစ်အာဏာယန္တရားကြီး အားကောင်းသထက် အား ကောင်းရေးကို တွန်းတင်ခဲ့ပါတယ်။ ငါ အာဏာရှိမှ ငါ့အတွက် လုံခြုံမယ်ဆိုတဲ့ စိတ်က တပ်မတော်သားအချင်းချင်း ထားရမယ့် ရဲဘော်ရဲဘက်စိတ်ကို ပျောက်ကွယ်စေပြီး အချင်းချင်း သတ်တဲ့၊ ဖြတ်တဲ့၊ လုပ်ကြံတဲ့အဆင့်အထိ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင်စစ်တပ် အာဏာရထားသရွေ့ အာဏာတည်မြဲရေးအတွက် လုပ်ချင်တိုင်း လုပ်ခွင့်ဟာ တပ်တွင်းအသိုင်းအဝိုင်းထဲကနေ တစ်စထက် တစ်စ ကြီးထွားလာပြီး လူထုကိုပါ ရိုက်ခက်ခဲ့တာ ဖြစ်ပါတယ်။နိုင်ငံအနှံ့ ကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ အောက်ခြေစစ်သည်တွေဟာ လူထုတော်လှန်စစ်ကြောင့် သေဆုံးရမှုတွေ ရှိနေချိန်မှာ ဗိုလ်မင်းအောင်လှိုင်ဟာ ခါးပိုက်ဆောင်တပ် အလုံးအရင်းနဲ့ သူ့လုံခြုံရေးအတွက်ကိုသာလျှင် ထည့် သွင်းစဉ်းစားနေတုန်း ဖြစ်ပါတယ်။ သူ့အတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ အဆင့်ဆင့်သော စစ်သည်တွေဟာ တိုက်ပွဲမြေပြင် ကနေ မိသားစုထံ မပြန်နိုင်ဘဲ သေဆုံးရရင်တောင် တူတူတန်တန် သင်္ဂြိုဟ်ခွင့်မရဘဲ ကျီးထိုးထိုး၊ လဒထိုးထိုး စွန့်ပစ်ခံနေရပါတယ်။ ထို့နည်းတူ တပ်ရင်းတပ်ဖွဲ့တွေက အကြပ်စစ်သည်၊ စစ်သားတွေရဲ့ မိသားစုဝင်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေဟာလည်း မင်းအောင်လှိုင် မက်မောတဲ့ အာဏာအတွက် လူသတ်လက်နက်တွေ ကိုင်ပြီး ပြည်သူ့ဘက်ကို သေနတ်ပြောင်း လှည့်နေ ကြရပါပြီ။ ဒါဟာ လင်ယောကျ်ားဖြစ်တဲ့ စစ်သားကတင် မင်းအောင်လှိုင်အတွက် အသက်စွန့်ရုံနဲ့ မလုံလောက်တဲ့အပြင် ဆွေစဉ်မျိုးဆက် စစ်ကျွန်ခံဖို့ သပ်သပ်ဖြစ်နေပါတယ်။