၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ) အရပ်သား အရေအတွက် ၁,၂၉၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၂၅ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ ၁,၂၂၄ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၁,၅၆၄ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီ ၁,၅၆၄ ဦးထဲမှာ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစု ၂၅၃ ဦး၊ အခြားအကြောင်း တွေကြောင့် သေဆုံးသူ ၂၂၈ ဦး၊ မြို့နယ် အဆင့်နဲ့ ရပ်/ကျေးတာဝန်ရှိသူ ၁၉၈ ဦး၊ ဆန္ဒပြစဉ် ဖြိုခွင်းခံရမှုကြောင့် သေဆုံးရသူ ၁၉၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၆၉ ဦး၊ အစိုးရဝန်ထမ်း ၃၈ ဦးနဲ့ သံဃာတော် ၁၂ ပါးတို့ ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။