Summer Kites

Summer Kites

By Summer KitesArtsBooks
Download on the App Store

Summer Kites episodes

  • ငုယင်ဗန်ထရွိုင်းညနေ - မိုဃ်းဇော်

    Collab series "X" ရဲ့ track no. 9 ပါ။ ဆရာမိုဃ်းဇော်ရဲ့ ငုယင်ဗန်ထရွိုင်းညနေ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Saw Mu Khukalu  ဖြစ်ပါတယ်။ 


    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။


    ----

    ငုယင်ဗန်ထရွိုင်းညနေ


    သက်သောင့်သက်သာဖြစ်မှုအတွက်

    ရန်သူကို အညံ့ခံခဲ့တဲ့ စာရင်းထဲမှာ 

    သင် မပါဝင်ခဲ့ဘူး ။

    နာကျင်မယ်မှန်းသိရက်နဲ့

    ရှေ့ဆက်တိုးဝံ့သူများရှိခဲ့ရင်

    ရေဆုံးရေဖျား

    ဇွဲကောင်းသူများရှိခဲ့ရင်

    သေမင်းကတောင်

    ဒူးတုန်ရသူများရှိခဲ့ရင်

    အဲ့ဒီ အမည်စာရင်းထဲမှာ

    သင်ပါဝင်ခဲ့ပေရဲ့ ။

    ဗီယက်နမ်က

    တောက်ပတဲ့ကျောက်မျက်ရတနာ

    ` ငုယင်ဗန်ထရွိုင်း ´

    သင်နောက်ဆုံးဟစ်ကြွေးခဲ့တဲ့အသံဟာ

    ၁၉၆၄၊အောက်တိုဘာက ရေတွက်ရင်

    နှစ်ပေါင်း (၄၁) နှစ်တိုင်ခဲ့ပြီ။

    (၄၁) နှစ်ဆိုတဲ့ကာလဟာ

    မေ့လျော့ခံရဖို့ရာ လုံလောက်ပေမယ့်

    ကျွန်တော့်အသည်းနှလုံးထဲမှာတော့

    သင့် တေးသံဟာ

    ပဲ့တင်ထပ်နေဆဲပါလေ။

    နှင်းတွေဝေနေတဲ့

    အကျဉ်းထောင် ဘောလုံးကွင်းထဲမှာ

    (လက်မရွံ့တပ်ဖွဲ့က)

    သင့်ကို ပစ်သတ်တော့မယ့်ဆဲဆဲ

    " သေရမှာ ဝမ်းမနည်းဘူးလား " လို့

    သတင်းထောက်တစ်ဦးက မေးမြန်းတော့

    တုန်လှုပ်ခြင်းကင်းမဲ့တဲ့ သင်ဟာ

    " အမေရိကန်ကာကွယ်ရေးဝန်ကြီး 'မက္ကနာမားရား'ကို

    မလုပ်ကြံနိုင်တာကိုပဲ ကျွန်တော်ဝမ်းနည်းပါသတဲ့" ။

    ကာဘိုင်သေနတ်ပြောင်းများရှေ့မှောက်မှာ 

    အဖတိုင်းပြည်ကို နောက်ဆုံးကြည့်ရှုဖို့

    မျက်လုံးပေါ်စည်းထားတဲ့အဝတ်ကို

    သင် ဆွဲချွတ်ပစ်ခဲ့တယ် ။

    အစတေးခံရတော့မယ့်

    မိနစ်ပိုင်းကလေးမှာတောင်

    တည်ငြိမ်ရင့်ကျက်လွန်းနေတဲ့

    သင့်ဓာတ်ပုံကိုကြည့်ရင်း

    မြတ်နိုးလေးစားစိတ်နဲ့

    ကျွန်တော် မှင်တက်မိပေါ့။

    ဘယ်အကြောင်းတရားကများ

    သင့်နှလုံးသားထဲကို

    ဒီလိုမျိုးတန်ခိုးစွမ်းပကားတွေ

    ထည့်သွင်းပေးထားသလဲလို့

    စေ့ငုမိတယ်။

    ' ငုယင်ဗန်ထရွိုင်း ' ခင်ဗျား၊

    ကမ္ဘာကြီးမှာ

    ခေတ်တွေ ပြောင်းလဲသွားပေမယ့်

    နှစ်တွေ ကွာဝေးသွားပေမယ့်

    ' ဟိုချီမင်း ' ရုပ်တုအောက်မှာ

    ' ဘီလ်ဂိတ်စ် ' ကို တွေ့လိုက်ရပေမယ့်

    ဒီကနေ့

    မိုးရွာပြီးစ ညနေ

    မိုးရွာပြီးစ ညနေခင်းလေးမှာပေါ့ ။

    (၂၁) ရာစုရဲ့

    အမေရိကန်စတိုင်လ်

    ကဖေးဆိုင်လေးထဲကနေ

    သင့်ကို သတိရ ဦးညွှတ်လိုက်ပါရဲ့ ။      ။


    မိုဃ်းဇော်

    3 min
  • ဒီနေ့လည်း ဗလာပဲလားအစ်ကို - ကိုသျှား

    Collab series "X" ရဲ့ track no. 8 ပါ။ ဆရာ ကိုသျှားရဲ့ ဒီနေ့လည်း ဗလာပဲလားအစ်ကို ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Sitt Naing ဖြစ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    ——

    ဒီနေ့လည်း ဗလာပဲလားအစ်ကို

    မေးလို့သာ မေးလိုက်ရတာ၊ ကမ္ဘာမကျော် ဘာမကျော်ဆိုတော့ မြန်မာကျော်တစ်ယောက်

    ဒုက္ခတွေ ရန်ကုန်ဝေနေတော့မှာ။ပြန်စရာအိမ်မရှိတာထက် ပြန်စရာစရိတ်မရှိတာက
    ပိုကြေကွဲဖို့ ကောင်းနေ။

    ခြင်္သေ့တို့မည်သည် မည်မျှပင်ဆာလောင်နေစေကာမူ မြက်ကိုမစား။ ဘယ်လိုလုပ်ကြမလဲ။

    ခေါင်းမာမှုက အရည်ဖျော်သောက်လို့ မရ။ ဘယ်ပျော်ပါ့မလဲ။ မင်း ဒီလောက်ရေးအားကောင်းနေတာ
    ငါ့ကို ကဗျာခုနှစ်ပုဒ်လောက် ချေးစမ်းကွာ။ ဟုတ်တာပေါ့ . . . ဒုက္ခကို မျှချိုနိုင်မယ့်ကောင်မလေး
    မရှိတာလည်း အသည်းကွဲခြင်းတစ်မျိုးပဲ။

    နိုင်ငံပိုင်မီးရထားကြီး စီးဖို့ လက်မှတ်ကို ပြည်တွင်းဖြစ်ကဗျာဆရာတစ်ယောက် ကိုယ်ကျင့်တရားနဲ့

    ၀ယ်ယူရန် သင့်/မသင့်?ဂျက်လန်ဒန်က သူ့သမိုင်းနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်းက ခြေရာတွေ
    လမ်းကို ဖုံးတယ်။ လေနှင်တဲ့ဆီ ပြေးးးးးးးးးးးးးးးးးးးးးးးးး

    ချဉ်ချဉ်တူးတူး မူးပြီးရော တစ်ယောက်မှ မပါ၊ကောင်တာဖောက်မယ်၊ ဂိုးသွင်းမယ်။ ကျရာစွဲလောင်ဖို့

    အရာရာ အရန်သင့် သွေးရဲ။ သောက်နေကျအိပ်မက်ရဲ့အဖုံးတွင်းကံစမ်းမဲကို မှော်ဆရာလို ပွတ်ဆွဲ။
    ဘယ်လောက်လဲ!ဘယ် လောက် လဲ!!ဘယ် လောက် တဲ့ လဲ!!! အဲဒီလို ကိုယ့်နားရွက်ကိုယ် ဗန်ဂိုး
    မသိအောင် ပြန်စမ်းမိတော့တယ်။ နေ့တွေက မိုးလိုစွေတဲ့အခါ ကျွန်တော်တို့က ထီးတွေလို ဟိတ်နဲ့
    ဟန်နဲ့ လုံခြုံယောင်တတ်ဖို့။

    စားလေကွာ . . . အဲဒါ ဘယ်တော့မှ ပုပ်သိုးမသွားမယ့်ငါ့လျှာ။ကိုယ့်ရင်ကိုယ် ဘယ်သူ ပြန်ခွဲချင်ပါ့မလဲ။

    ကုန်တင်ကုန်ချ၊လမ်းဘေးစျေးသည်၊ဂျာနယ်လက်ပွေ့၊လှည်းကလေးနဲ့ဒိန်ချဉ်သည်၊ဟောဒီက သောက
    ပူပူလေး၊မဖြစ်မနေ ရွေ့ရဦးမှာပဲ၊မြို့ထဲ . . .။ထုခွဲ . . .။အလဟဿ . . .။အဓိပ္ပာယ်မဲ့ . . .၊လကုန်ပြီ။
    မဂ္ဂဇင်းတွေ အထွက်နောက်ကျ၊စီးကရက်ငွေ့တွေ မျက်လုံးထဲ ဝင်နေခိုက် အလစ်အငိုက်မျက်ရည်ဟာ၊
    အလွမ်းပြေ ဘယ်သူမှ မရိပ်မိအောင် ပျော်စရာဇာတ်ဝင်ခန်းလုပ်ပစ်လိုက်ရုံ။

    ဒီနေ့ ဘယ်အချိန်ထိ အိမ်မပြန်နိုင်တဲ့အရပ်မှာ အစ်ကို ရှိမလဲ ???

    ကိုသျှား

    4 min
  • နောက်ကြောင်း - မိုးဝေး

    Collab series "X" ရဲ့ track no. 7 ပါ။ ဆရာ မိုးဝေးရဲ့ နောက်ကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Minnie ဖြစ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    ——

    နောက်ကြောင်း

    မိတ်ဆွေခါးကုန်းလေးနဲ့ ဟိုတလောကတွေ့တယ်

    မိတ်ဆွေခါးကုန်းလေးက ပြောတယ်၊

    သူ ဘယ်သွားရမှန်းမသိဘူး ဖြစ်နေတယ်တဲ့

    ရန်ကုန်မြို့မှာ အရိပ်တွေ သိပ်မရှိတော့ဘူးတဲ့

    ကားတွေ တအားကြပ်တဲ့ လမ်းထဲ၊ ဘတ်စ်ကားထဲမှာ

    မိတ်ဆွေခါးကုန်းလေးလိုပဲ ပိတ်မိနေကြတဲ့ ကုလားအုတ်တွေ မနည်းဘူးတဲ့

    ရေခဲရေသည်တွေ နေရာမှာ ရေသန့်ဗူးသည်တွေ ရောက်လာသလိုပဲ

    ဘဝဆိုတာ ထုတ်ပိုးမှုပါပဲကွာလို့ ခါးကလေးကုန်းနေတဲ့

    မိတ်ဆွေက ပြောတာကြုံတဲ့အခါ

    တို့တတွေ ရှေ့ဆက်ရုံသာပါပဲ။ ရှေ့ဆက်ရင်းက

    ဘေးထွက်တာလည်း ကြုံမယ်၊ နောက်ပြန်ရောက်ချင်လည်း ရောက်မယ်

    ဒါမှမဟုတ် မြေတွင်းတူးပြီး ဝင်သွားလိုက်လို့

    မိတ်ဆွေခါးကုန်းလေးက အော်အော်ပြေးပြေး ပြောသွားခဲ့ဖူးတယ်

    ဒီတော့ မိတ်ဆွေခါးကုန်းလေးကို ကြည့်ရတာ

    ကုလားအုတ်ကလေးတစ်ကောင် တဖက်နိမ့်တဖက်မြင့်

    လမ်းပေါ် ပြေးနေသလိုပဲလို့ ထင်မိတယ်

    ဒါ မဟုတ်ဘူး။ ဒါဟာ ရန်ကုန်လို့ နယ်ကပြောင်းရွေ့

    အခြေချသမားတွေက ပြောကြတာကြုံဖူးတယ်လို့

    ခါးကုန်းကလေးရဲ့ မိတ်ဆွေက ပြောဖူးသလို

    ဒီနားမှာ အရိပ်တစ်ခုကျဖူးတယ်

    ဒီနားမှာ စုစုဝေးဝေး အိုင်ထွန်းဖူးတယ်

    ဒီနားမှာ အကြိမ်ကြိမ်ရပ်

    ဒီနားမှာ ခါးကလေး ရုတ်တရက် ကုန်းသွားတာပေါ့ကွာ

    ဒီနားမှာ ငါ ကျကျန်ခဲ့တာပေါ့

    ဒီနားမှာ ငါ ရှေ့ကို ရောက်ခဲ့ပြန်တယ်

    ဒီနားမှာ တေးဘုံမာ၊ ဒီနားမှာ ဘဝသံသရာ

    ဒီနားမှာ ငါ့သူငယ်ချင်း ခါးကလေးထောက်ရပ်ခဲ့တာပေါ့

    ဒီနားမှာ ဒီလိုပဲ ငါ့ရဲ့ကုန်းနေတဲ့ ခါးကလေးကို ဆွဲဖြောင့်ဖို့ ကြိုးစားခဲ့တာပေါ့

    မိတ်ဆွေခါးကုန်းကလေးပြောတဲ့နောက်ကြောင်းတွေ အထပ်လိုက်ပဲ

    ဟုတ်တယ် နောက်ကြောင်းတွေ အထပ်လိုက်ထဲက ဆွဲထုတ်ရမှာပဲ

    ကျောက်မီးသွေးမိုင်းတွင်း အထပ်လိုက်ထဲက ဆွဲထုတ်ရမှာပဲ

    လူ့အဖြစ်လို့ထင်ရတဲ့ နောက်ကြောင်းတွေ။  ။

    မိုးဝေး

    4 min
  • လူငယ်လေးတစ်ဦး - အောင်ခိုင်မြတ်

    Collab series "X" ရဲ့ track no. 6 ပါ။ ဆရာ အောင်ခိုင်မြတ်ရဲ့ လူငယ်လေးတစ်ဦး ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Myo Min Hla ဖြစ်ပါတယ်။


    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။


    ---------------

    လူငယ်လေးတစ်ဦး


    စာအုပ်တွေခိုးဖတ်

    မွန်ထရီစီးကရက်တွေခိုးသောက်

    ဂီတာကိုခိုးတီး

    ကဗျာကိုခိုးရေး

    နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ

    လက်ဖက်ရည်ဆိုင်တွေခိုးထိုင်

    ကြယ်တံခွန်အချစ်ကလေးရေ 

    ပြန်ဆုံရာလမ်းဝေးနေ 

    ကြိတ်ဆွေးခဲ့တဲ့နေ့များ

    ထန်းရည်တွေခိုးသောက်

    ပန်းချီတွေခိုးဆွဲ

    တက်တူးတွေခိုးထိုး

    ငြီးငွေ့ဖွယ်စာသင်ခန်းတွေက 

    ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ

     `ခင်ဗျားတို့ထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့

    စစ်တပ်ဆိုတာဘယ်တော့မှ

    မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´

    ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့

    ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား

    ဘောင်းဘီထဲလက်နှိုက်ပြီး

    ပလက်ဖောင်းဘေးက 

    လျှောက်သွားခဲ့ရတဲ့နေ့များ

    နေပူသလိုအသည်းပူတယ် 

    ဘာကြောင့်လဲသိရဲ့လား

    အော်ဟစ်ခဲ့တဲ့နေ့များ

    မွေးရပ်မြေက တရွေ့ရွေ့

    မှောင်မည်းခြောက်ကပ်လာ

    စစ်အစိုးရထပ်ရောက်လာချိန်

    လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း

    သွေးထွက်အများဆုံးနေ့များ

    စာအုပ်တစ်အုပ်နဲ့

    လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်

    စောင့်ရတာဝေးလွန်းလို့

    ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ

    ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို့

    စောင့်ကြည့်ခံရတဲ့ခေတ်မှာ

    နှလုံးသားအိမ်မှာပူတယ် 

    ဆောင်းနှင်းမြူအေးတယ်

    အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်

    ချိုပါတယ်ခဲ့ရတဲ့နေ့များ

    လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်

    မော်တော်ယာဉ်ကျော်ကာ 

    လေယာဉ်ပျံတီထွင်သွားကြတယ်

    လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး 

    အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ

    ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်

    မထိန်းကျောင်းနိုင်တဲ့ကျောင်းတွေကို

    စိတ်ပျက်မိတဲ့အချိန်တိုင်း

    အသိုက်လည်းမရှိဘူး ကူးချင်ရာကိုကူး

    သွားချင်ရာကိုသွား လွတ်လပ်ခဲ့ကြတဲ့နေ့များ

    တစ်နေ့ပြီးတစ်နေ့

    ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ

    အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ

    ငါတို့မျှော်လင့်ချက်တွေကို

    သေနတ်အလက်ပေါင်းများစွာနဲ့

    ဝိုင်းချိန်ထားတဲ့ခေတ်မှာ

    ငါတို့တတွေ

    ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ

    မြင်နိုင်ရင်လေ ကိုယ့်ရင်ထဲ

    တားဆီးကြည့်မနေနဲ့

    မြေအောက်နည်းလမ်းနဲ့ 

    ကြံဖန်အသည်းကွဲရတဲ့နေ့များ

    စာဖတ်တဲ့လူငယ်ဟာ ရန်ရှာခံခဲ့ရတယ်

    လူငယ်တစ်ယောက်ဟာ

    အာဏာရှင်ကိုမကျေနပ်လို့ 

    ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်

    ပြေးပေါက်တွေရှာထားရ

    သယ်ဆောင်ရာအိတ်လည်းပြင် ယာဉ်မြန်ကိုစီး

    ခရီးထွက်ဖို့ဒို့လာနေပြီလေသီချင်းကိုအော်ဆိုရင်း

    အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ

    ဒီမိုကရေစီရမှ

    ဆံပင်တွေညှပ်ပစ်မယ်

    ငါတို့မတိုင်ပင်ထားပဲ

    တပြိုင်တည်းဆံပင်ရှည်ရှည်

    လူငယ်တွေရဲ့နေ့များ

    ဟုတ်ပါတယ် ဟုတ်ခဲ့ပါတယ်

    လူငယ်ဘဝရဲ့ကြွေရွက်ဝါနေ့များ

    သြော်

    လူငယ်လေးတစ်ဦး

    လူငယ်လေးတစ်ဦးတွေ

    ငါတို့လူငယ်လေးတစ်ဦးတွေ။


    - အောင်ခိုင်မြတ်

    5 min
  • ခေါင်းခွံများအကြောင်း - ကေဇဝင်း

    Collab series "X" ရဲ့ track no. 5 ပါ။ ဆရာကေဇဝင်းရဲ့ ခေါင်းခွံများအကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Mabelle ဖြစ်ပါတယ်။

    မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ဆရာကေဇဝင်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    -------

    ခေါင်းခွံများအကြောင်း

    တော်လှန်ရေးက

    လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ

    တော်လှန်ရေးမပွင့်ခင်

    လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
    စကားတခွန်း ပြောသွားသေးလား

    မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ

    သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား

    ဓားရဲ့တရားဆိုတာ

    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

    တော်လှန်ရေးပဲ

    တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်

    မတွေဝေနဲ့တော့

    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    ကေဇဝင်း

    2 min
  • ပန်းသီးဝိုင် - ခက်သီ

    Collab series "X" ရဲ့ track no. 4 ပါ။ ဆရာခက်သီရဲ့ ပန်းသီးဝိုင် ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ June Zaw ဖြစ်ပါတယ်။

    ကဗျာဆရာ ဆရာခက်သီ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    -----

    ပန်းသီးဝိုင်

    ရူးစမ်း

    အာဏာသာမရူးနဲ့
    တဏှာသာမရူးနဲ့
    ရူးတာ ဘာမှ ရှက်စရာမရှိဘူး။
    ပန်းသီးထဲမှာ
    ရေမွှေးလား
    ခရူးဆိတ်လား
    ယဉ်ကျေးမှု သွေးလန့်ခြင်းလား
    ရှိပါလိမ့်မယ်။
    ငါ့အကြောင်း
    နှလုံးသားဂုဏ်ရည်
    နင် ထိစမ်းတဲ့အခါ သိလိမ့်မယ်
    စွပ်စွဲချက်များ ပြင်းထန်လှချည်ရဲ့။
    ယိုစီးကျနေတဲ့
    ကျောက်စက်ရေလို စိတ်နှလုံးသား
    ငါမဖော်ပြခဲ့တာဟာ
    ငါဖော်ပြနေသလိုပါပဲ။
    နှစ်ချို့ရင် မင်းသိလိမ့်မယ်
    နှစ်တချို့မှာ ငါဟာ ဆိုးသွမ်းခဲ့တယ်
    မပြောပါရစေနဲ့
    ဖွင့်ဟ မပြောပါရစေနဲ့တော့။
    ပန်းသီးတွေ သိုးသွားတော့ ဝိုင်တဲ့။
    စိတ်တွေ သိုးသွားတော့ စစ်ပွဲတွေ
    ဥပဒေ သိုးသွားတော့ မတရားမှုတွေ။
    ကမ္ဘာဦးဓလေ့ပဲ ဆိုပါစို့
    နိုင်ရာစားစတမ်းတဲ့
    ဧဝဟာ ပန်းသီးကို ကုန်အောင်စားပစ်ခဲ့ရမှာ
    ဒါဆို ပန်းသီးလည်း မရှိတော့ဘူး
    ဝိုင်တွေလည်း မရှိတော့ဘူး။ ။

    ခက်သီ

    3 min
  • ရန်ကုန်လမ်းညွှန် - ကြည်ဇော်အေး

    Collab series "X" ရဲ့ track no. 3 ပါ။ ဆရာကြည်ဇော်အေးရဲ့ ရန်ကုန်လမ်းညွှန်ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Myo Min Hla ဖြစ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    -----

    ရန်ကုန်လမ်းညွှန်

    လမ်းပေါ်ထွက်ပြီးပြီ

    မဲပေးပြီးပြီ

    နောက်ထပ် လက်မှတ်ထိုးဖို့ လိုရင် ခေါ်ပါ

    နောက်ထပ် အသက်စွန့်ဖို့ လိုရင် ခေါ်ပါ
    နောက်ထပ် လက်သီးလက်မောင်းတန်းဖို့ လိုရင် ခေါ်ပါ
    ဘာပဲလိုလို ခေါ်လိုက်စမ်းပါ

    ကျွန်တော်ဟာ အလုပ်လက်မဲ့ပါ

    ကျွန်တော်ဟာ ၁၉၆၂ခုနှစ်က အရစ်ပြုန်းခဲ့တဲ့ မူလီတစ်လုံးပါ

    မီးသတ်ကားတွေ မလာခင်

    ဖုန်းထဲက အပြာကားတွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီ။

    - ကြည်ဇော်အေး

    2 min
  • ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် - လှသန်း

    Collab series "X" ရဲ့ track no. 2 ပါ။ ဆရာလှသန်းရဲ့ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Ayez Wayk ဖြစ်ပါတယ်။

    တိုက်ဆိုင်စွာ ဒီနေ့ဟာ ဆရာလှသန်း ဆုံးတဲ့ ၁၀နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဆရာ့အား ဒီကဗျာနဲ့ပဲ ဦးညွှတ်ပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    -----

    ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်


    ခြေထောက်ကို ဖိနပ်ထဲထိုးထည့်

    လမ်းလျှောက်ထွက်ခဲ့တယ်။

    ဓါတ်ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ မြို့ကြီး

    ဘဝကို မငြီးငွေ့သေးဘူးလား

    မိသားစုတွေကို ထုပ်ပိုးထားတဲ့အိမ်တွေ

    လုံခြုံမှုရှိပါစ။

    မချိုမချဉ်မျက်နှာနဲ့လူက

    “ကျွန်တော် အသံဝင်နေတာကြာပြီ …” တဲ့

    နီးရာဆေးခန်း ပြကြည့်ပါ။

    ဟိုမှာ

    ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်

    ချာတိတ်တွေ နားခလုတ်တိုက်လိမ့်မယ်။

    ဘီယာဆိုင်ထဲ ဝင်ထိုင်လိုက်တော့

    ရောင်းအားမြှင့် မိန်းကလေးရဲ့ မျက်နှာ

    ဘီယာငှဲ့သလို အမြှုပ်တွေ တစီစီထလို့။

    နောက်ဖေးလမ်းကြားထဲကို ထွက်ပြေးသွားတဲ့

    မြေကြွက်တစ်ကောင်ကို မြင်မှ

    ကိုယ့်အမှောင်ထု ကိုယ်သတိရမိရဲ့။

    အမြိုက်ရေကြည်တစ်ပေါက်နောက်ကိုလိုက်ရင်း

    ချောက်ကမ်းပါးထိပ်ရောက်ခဲ့ပြီ

    စိတ်ထဲမှာ

    ပြေးလမ်းနဲ့ လေယဉ်ဘီးထိလိုက်သလို။ 


    လှသန်း

    2 min
  • နွေဦးပေါက်ရင် (ကဗျာဆရာ့စိတ်ကူး) - နေမျိုး

    Summer Kites ရဲ့ Collab series "X" ရဲ့ ပထမဆုံးသော track ဖြစ်ပါတယ်။ ဆရာနေမျိုးရဲ့ နွေဦးပေါက်ရင် (ကဗျာဆရာ့စိတ်ကူး) ကဗျာဖြစ်ပြီး .. ပါဝင်ရွတ်ဆိုပေးသူကတော့ NayKhaYi ပါ။

    Collab series မို့ ပုံမှန်လုပ်နေကြထက် အများကြီး အားစိုက်ထားပါတယ်။ ဒီကဗျာကို စဖတ်မိကတည်းက ဒုတိယကမ္ဘာစစ် ပြီးခါးနီးအချိန် ခေတ်တစ်ကို ခံစားမိတာကြောင့် .. အဲ့ခေတ်က jazz vibe ကိုသွားထားပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    ------

    နွေဦးပေါက်ရင် (ကဗျာဆရာ့ စိတ်ကူး )

    နွေဦးပေါက်ရင်

    ကြက်တူရွေးတစ်ကောင်မွေးမယ်
    သူ့ကိုစကားတစ်ခွန်းတည်း သင်ပေးမယ်
    ‘ဆာတယ် ... ဆာတယ် ....' လို့

    နွေဦးပေါက်ရင်

    အော်စတင်ကားလေးကိုမောင်းမယ်
    ဟစ်တလာမိန့်ခွန်းပြောသံကို
    ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
    တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်

    နွေဦးပေါက်ရင်

    သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
    သစ်ရွက်ကြွေတွေပေါ်မှာ
    အင်္ဂလိပ်ဘာသာနဲ့
    မင်းနာမည်ကို ငါရေးမယ်

    နွေဦးပေါက်ရင်

    ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
    ပုံပြင်တွေအော်ဖတ်မယ်
    စိတ်ကောင်းလည်း ဝင်မယ်

    နွေဦးပေါက်ရင်

    ပြဇာတ်တစ်ပုဒ်ရေးမယ်
    စုဘူးကိုခွဲမယ်
    ပြားစေ့ကလေးတွေ ရေတွက်မယ်

    တကယ်လို့ တော်တော်နဲ့

    နွေဦးမပေါက်သေးရင်လည်း ကိစ္စမရှိပါဘူး
    ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာ သွားပေါင်မယ်
    ပြီးတော့ ခပ်ဟောင်းဟောင်း
    စောင်တစ်ထည် ဝယ်ခြုံနေမယ်ကွယ်။ ။

    နေမျိုး

    2 min
  • နွေဦးပေါက်ရင် (ကဗျာ့ဆရာစိတ်ကူး) - နေမျိုး

    Summer Kites - Collab series "X" ရဲ့ ပထမဆုံးသော track ဖြစ်ပါတယ်။ ဆရာနေမျိုးရဲ့ နွေဦးပေါက်ရင် (ကဗျာ့ဆရာစိတ်ကူး) ကဗျာဖြစ်ပြီး .. ရွတ်ဆိုသူကတော့ NayKhaYi ပါ။

    Collab series မို့ ကျွန်တော် ပုံမှန်လုပ်နေကြထက် အများကြီး အားစိုက်ထားပါတယ်။ ဒီကဗျာကို စဖတ်မိကတည်းက ဒုတိယကမ္ဘာစစ် ပြီးခါးနီးအချိန် ခေတ်တစ်ကို ခံစားမိတာကြောင့် .. အဲ့ခေတ်က jazz vibe ကိုသွားထားပါတယ်။

    Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။

    ------

    နွေဦးပေါက်ရင် (ကဗျာဆရာ့ စိတ်ကူး )

    နွေဦးပေါက်ရင်

    ကြက်တူရွေးတစ်ကောင်မွေးမယ်
    သူ့ကိုစကားတစ်ခွန်းတည်း သင်ပေးမယ်
    ‘ဆာတယ် ... ဆာတယ် ....' လို့

    နွေဦးပေါက်ရင်

    အော်စတင်ကားလေးကိုမောင်းမယ်
    ဟစ်တလာမိန့်ခွန်းပြောသံကို
    ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
    တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်

    နွေဦးပေါက်ရင်

    သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
    သစ်ရွက်ကြွေတွေပေါ်မှာ
    အင်္ဂလိပ်ဘာသာနဲ့
    မင်းနာမည်ကို ငါရေးမယ်

    နွေဦးပေါက်ရင်

    ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
    ပုံပြင်တွေအော်ဖတ်မယ်
    စိတ်ကောင်းလည်း ဝင်မယ်

    နွေဦးပေါက်ရင်

    ပြဇာတ်တစ်ပုဒ်ရေးမယ်
    စုဘူးကိုခွဲမယ်
    ပြားစေ့ကလေးတွေ ရေတွက်မယ်

    တကယ်လို့ တော်တော်နဲ့

    နွေဦးမပေါက်သေးရင်လည်း ကိစ္စမရှိပါဘူး
    ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာ သွားပေါင်မယ်
    ပြီးတော့ ခပ်ဟောင်းဟောင်း
    စောင်တစ်ထည် ဝယ်ခြုံနေမယ်ကွယ်။ ။

    နေမျိုး

    2 min

About Summer Kites

From the publisher's feed

ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။