Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ လူတစ်ယောက်အနေနဲ့ဘယ်လိုတွေးခေါ်တယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လို နေတယ်။ပုံပန်းသွင်ပြင်က ဘယ်လိုရှိတယ် စတဲ့အချက်တွေကို ခြုံငုံပြီးရလာတဲ့ အမြင်တစ်ခုကို ခေါ်တာပါ။ ဥပမာဒီလူက စိတ်ခံစားလွယ်တယ်၊ ဒီတစ်ယောက်က သိပ်အဆိုးမြင်တယ်၊ သူက သပ်သပ်ရပ်ရပ်နေတတ်ထိုင်တတ်၊ ပြုမူတတ် တယ်၊ သူက မာကြောတယ်၊ သူကတော့ အသစ်ကို လက်မခံနိုင်ဘူး၊ဒါဆို ဒါပဲ အသေစွဲကိုင်ထားတယ် စတဲ့ အချက်တွေဟာ ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတာပါ။ ကိုယ်ရည်ကိုယ်သွေးဟာ ဘဝမှာ အောင်မြင်ဖို့အတွက်ရော၊ တခြားသူတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ပါ အရေးကြီးပါ တယ်။ ဒါကြောင့် ကိုယ်ဟာ ဘယ်လိုလူစားလဲဆိုတာကိုယ့်ကိုယ်ကိုယ် သိဖို့ လိုတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း လည်း သိထားဖို့လိုတယ်။ဒါမှ အပြန်အလှန် နားလည်မှု ထားနိုင်မှာပါ။