ကိုယ့်ကိုယ်ကိုသာ အကြောက်ဆုံးမို့ ဘယ်သူ့ကိုမှ ကြောက်စရာလည်းမရှိတော့ပါဘူး။ သံသယထက်နက်နဲတဲ့အမာရွတ်ဟာ မွှေးညှင်းပေါက်တွေအောက်မှာဖြစ်ပါတယ်။ ကိုယ်ခန္ဓာမှာ၊စိတ်ခန္ဓာမှာဖြစ်ပါတယ်။ ခေတ်သစ် ဖရန်ကင်းန်စတိုင်းန် ...
တစ်နှစ်ပြီးတစ်နှစ်ကြီးကောင်ဝင်ဖွံ့ဖြိုးလာချိန်တွေကစလို့ ကုတ်ဖဲ့ချိုးဖျက်ခံရတဲ့ လက်သည်မပေါ် လက်သည်းရာတွေ။ တစ်ခါသေပြီးတိုင်း သေပြီးတိုင်း တံခါးတွေလည်း တစ်ချပ်ပြီးတစ်ချပ်။ ကိုယ်အင်္ဂါအဟောင်းတွေလည်း တစ်ပွင့်ပြီး တစ်ပွင့် ၊ သစ်တောပြုန်းတီးမှုလို ဖြစ်ခဲ့ပါပြီ။
ခေတ်သစ် ဖရန်ကင်းစတိုင်းန် ...
မသေဆုံးခင် သေဆုံးပြီးနှင့်သူမို့ သေခြင်းတရားကို ဘယ်လိုမှ သဘောမထားတော့ပါ။ နူးညံ့တဲ့သဘောထားကတော့ အသက်ရှင်ခြင်းကို မသိလိုက်မှာ ၊ အသက်ရှင်ခြင်းကို မမြတ်နိုးမိမှာ ၊ အစစအရာရာခေါင်းပါးလို့ ဂလိုဏ်ပေါက်အဖြစ် နေရစ်ခဲ့ရမှာကိုပါ။ အသက်ရှူရုံကတော့ ဘာအရေးလဲ။ အဲဒီမှာ ဘာမှ ရေးမထားပါဘူး။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ...
စိတ်လိုလက်ရရှိတဲ့နေ့တွေမှာတော့ ကိုယ့်အကြောင်းရှေ့ကိုယ် ဖြတ်လျှောက်မိတယ်။ တချို့နေရာတွေက မှောင်မိုက်နေခဲ့ပြီး တချို့လမ်းချိုးလေးတွေဆို အလင်းရောင်ကောင်းကောင်း မရခဲ့ရှာဘူး။ ချိနဲ့ကိုင်းကျနေတဲ့ ကျောပိုးအိတ်အလေးကြီးတွေက အိပ်မက်တိုင်း အိပ်မက်တိုင်းမှာ ဦးညွှတ်နှုတ်ဆက်နေတုန်းပဲ
။ တစ်ထောင့်တစ်နေရာကနေများ စိတ်ပျက်ညှိုးရော်စွာ စောင့်ကြည့်နေတာ ဘဝဆိုတာများဖြစ်နေမလား။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ...
ဗုဒ္ဓဟာ ဒုက္ခကို ဟောခဲ့တယ်။ ဒုက္ခကလည်း ဗုဒ္ဓကို ဟောခဲ့မှာပဲ။ ဒုက္ခပဒေသာပင်တွေအောက်က လူတစ်ယောက်ရဲ့ ဖြစ်အင်ဟာ ဘယ်လောက်များ မောင်းနှင်နိုင်မှာတဲ့လဲ။ ထူထဲလာတဲ့ အရေပြားနဲ့ပဲ ခံနိုင်ရည်ရှိလာသယောင် ထင်ရ။ လောကဓံကို ကြားယောင်လာသယောင် ထင်ရ။ အနာမျိုး ၉၆ပါးကပဲ ၃၁ဘုံလောက် ဖြစ်လာတယ်ထင်ရ။ ရှိရှိသမျှ ငရဲတွေအားလုံး ဟောဒီဘုံရဲ့ မြေပုံမှာ သွတ်သွင်းထားသလားထင်ရ။ အခုတော့ အဲဒီလူလုပ်သစ်ပင်နဲ့ လွတ်လပ်ရေးတို့ မျက်နှာချင်းဆိုင်ရင်ဆိုင်ကြရပါပြီ။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ...
လှုပ်ရှားရုန်းကန်ရာက စီးကျလာတဲ့ ချွေးတစ်စက်ဟာ သူငယ်ချင်းရဲ့ ပခုံးလည်းဖြစ်တယ်။ ရင်ခုန်ကြည်နူးခဲ့ရတဲ့ မျက်ရည်တစ်စက်ဟာ ချစ်သူရဲ့ အပြုံးလည်းဖြစ်တယ်။
သွေ့ခြောက်အက်ကွဲရင်း ဖိတ်ကျလာတဲ့ သွေးတစ်စက်ဟာ ရန်သူရဲ့ မျက်လုံးဖြစ်တယ်။ ဒီလိုနဲ့ ပြည်တည်နာဟာ မချစ်မနှစ်သက်သူရဲ့ တောင်ကုန်းလည်းဖြစ်နေပြန်တယ်။ ဒါတွေအားလုံး ဘယ်သူ့ကောင်းကင်အောက်မှာဖြစ်ပျက်နေတာလဲလို့ မေးစရာရှိလာနိုင်ပါတယ်။ နိဗ္ဗာန်ဘုံယောင်ဆောင်ထားတဲ့ ငရဲတွေရှိနေတယ် ၊ ရှိကိုရှိနေတယ်။ ဥာဏ်ပညာ အပေါင်း ချစ်ခြင်းတရား အပေါင်း ... ထပ်လောင်းပေါင်းထည့်စရာတွေ အရေးပေါ်လိုအပ်နေတဲ့ ဥယျာဥ်ကမ္ဘာရယ်ပါ။ ငိုပါ။ ဟစ်အော်ပါ။ တီးခတ်ပါ။ ခေတ်သစ် ဖရန်ကင်စတိုင်းန် ...
နက်ဖန်ခါ နေထွက်လာတဲ့အခါ။ နက်ဖန်ခါ လခြမ်းကွေးကလေး မှေးပြူလာတဲ့အခါ။ အစစအရာရာ သတိထားဖို့ ကိုယ့်ကိုယ်ကို မှာနေရတာ။ နှလုံးအိမ်ရဲ့ ပြတင်းတံခါးကို ဖွင့်ဖို့ နှိုးစက်ပေး တေးမှတ်ထားရတာ။ မှာနေရပြီဆိုကတည်းက မလုံခြုံတဲ့ ဆိုင်းဘုတ်တွေ အကာလညပေါ် တရွှမ်းရွှမ်းပြိုကျနေတဲ့ ဖန်သားကောင်းကင်အောက်မှာဆိုတာ သိလိုက်ရပါတော့တယ်။ ခေတ်သစ် ဖရန်ကင်းန်စတိုင်းန် ...
မှတ်မိသလောက် နံပါတ်တွေကို ရိုက်နှိပ်နေပါတယ်။ အာရုံခံစားမှုပွတ်မီးတွေကိုလည်း တစထက် တစ လွှင့်ထုတ်နေပါတယ်။ မကြားလည်း မြင်ပါ။ မမြင်လည်း သိပါ။ ရောက်တဲ့နေရာမှာ နိုးလို့ နိုးတဲ့နေရာကနေ ရုန်းထလာခဲ့ပါ။ တချို့သော ပန်းပွင့်များအတွက် နာမည်မှာ တာဝန်ထက်ပိုသော ဝတ်မှုန်နဲ့ ဝတ်ဆံတွေရှိနေပါသေးတယ်။ ကြွေရမယ်မှန်း သိသိရက်နဲ့ ပင်လုံးကျွတ်ပွင့်ခဲ့ကြဖူးတဲ့ ပန်းများမွှေးပျံ့သံ။
သင်၏
ပျောက်စရာလမ်းမရှိတော့သော
အမာရွတ်တိုင်းနှင့်ပြည်နယ်ကိုကိုယ်စားပြုသော
ဟောင်းနွမ်းသစ်လွင်နေသေးသော
အေးစက်ပူနွေးနေသေးသော
ခေတ်သစ် ဖရန်ကင်းစတိုင်းန်။ ။
#Anti_Violence
#Anti_Dictatorship
#SaveMyanmar
#ကောက်ကွေ့
#5feb2021