တော်လှန်ရေး လိုအပ်ချက်အရ ပြောက်ကျားစစ် ဆင်နွှဲပြီဆိုရင် လူထုဟာ အဓိကမဏ္ဍိုင်ပဲ ဖြစ်ပါတယ်။ ပြောက်ကျားစစ်က နေ အဆုံးအဖြတ် စစ်ပွဲအထိ တက်ဖို့ဆိုရင် လူထုသာလျှင် အဓိက ဖြစ်ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေး ပြောက်ကျားစစ် အတိုင်း အတာတစ်ခုအထိ ရှေ့ဆက်တက်လာ၊ မြောင်ဒေသမှာလို စိုးမိုးနယ်မြေ ရလာပြီး ကန့်သတ်မှုတွေ လုပ်နိုင်တာဟာ လူထုထောက်ခံမှုအားကြောင့်သာလျှင် ဖြစ်ပါတယ်။သို့သော် ပြောက်ကျားစစ်ကနေ အဆုံးအဖြတ်စစ်ပွဲအထိ လိုအပ်ပါသေးတယ်။ လူထုဟာ လက်နက်နဲ့ မတရားဖိနှိပ်ထားတဲ့ စစ်အုပ်စု လက်အောက်မှာ မသေမရှင်ဘဝတွေနဲ့ ခက်ခက်ခဲခဲ ရပ်တည်မလား၊ ပြောက်ကျားစစ်ပွဲနောက် ကောက်ကောက်ပါအောင် လိုက်လာ မလားဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍက အရေးပါလာပြီ ဖြစ်ပါတယ်။ ပြောက်ကျားတော်လှန်ရေး ခေါင်းဆောင်တွေရဲ့ ထက်မြက်ခြင်း၊ ခေါင်းဆောင်မှု မှန်ကန်ခြင်း၊ ရိုးသားမှု၊ ခံနိုင်ရည် ရှိမှုတွေက အခရာ ကျပါတယ်။