စစ်အုပ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ ၂၀၂၀ အနိုင်ရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ရှေးမဆွခင်ကတည်းက အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာထားပြီ ဖြစ်ပါတယ်။ ဒီလို ကြေညာထားတာဟာ ပြည်တွင်းက NLD ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားနိုင်တာ၊ နောက်တစ်ခုကတော့ CRPH, NUG ထဲ မပါသော NLD အမတ်အချို့ကို စည်းရုံးထားနိုင်တာ၊ စစ်တပ်က မစည်းရုံးနိုင်သော်လည်း CRPH, NUG ထဲ မပါသော NLD များ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရွေးကောက်ပွဲကတိုက်ကရိုက် ကျင်းပပြီး လက်ဝေခံပါတီကို အာဏာလွှဲ၊ နိုင်ငံတကာဖိအားကိုကျော်လွှားဖို့ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အခါ NLD ကိုသာ အသိအမှတ်ပြုကြောင်းနဲ့ NLD နဲ့သာ စကားပြောမယ်ဆိုပြီး NLD နဲ့ CRPH, NUG တို့ကို ခွဲထုတ်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ NLD ခေါင်းဆောင်ပိုင်းတွေ ထိန်းသိမ်းခံရစဉ်ကာလ CRPH, NUG တို့ တည်ဆောက်ထားမှု ကို ချိုးဖျက်၊ ချေဖျက်ပစ်မယ့် နိုင်ငံရေးညစ်ကွက်လည်း ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံ NLD ပါတီခေါင်းဆောင်တွေနဲ့ CRPH, NUG ထဲ မပါတဲ့ NLD တွေကို ကိုင်ပြီး စစ်တပ်က ကစားလာနိုင်တဲ့ နိုင်ငံရေးညစ်ကွက်ကို ချေဖျက်ပြီး သူတင်ကိုယ်တင် လိုလားချက်တွေကို တောင်းဆိုနိုင်ဖို့ဆိုရင် CRHP, NUG အနေနဲ့ လက်ရှိလုပ် နေတာတွေထက်ပိုတဲ့ စွမ်းဆောင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်မှုကို ပိုတိုးလုပ်ဖို့ လိုအပ်သလို နိုင်ငံရေး ရေချိန် တွက်ဆနေတဲ့ EAO တွေကို ကိုယ့်ဘက်ပါအောင်အတွက် စည်းရုံးရေးစွမ်းရည်ကို အခုထက် မြှင့်ဖို့ လိုအပ်ပါတယ်။