Mizzima 108FM ၏ နိုဝင်ဘာလ ၃၀ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 30
PDF တွေ အစုအပြုံလိုက် ဖမ်းဆီးခံရမှုကို ဆန်းစစ်ကြည့်ခြင်း (ဆောင်းပါး)
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံပိုင်ယန္တရားတွေကို ထိန်းချုပ်ခွင့် ရထားတဲ့အတွက် ဆက်သွယ်ရေး ကွန်ရက်နဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေထက် တစ်ပန်းသာနေပါတယ်။ ခေတ်အဆက်ဆက် မွေးထားတဲ့ ရုရှားပြန် စစ်ဗိုလ်တွေနဲ့ ခေတ်မီနည်းပညာကို သုံးပြီး တစ်ဖက်ကနေလည်း စစ်ရေးသတင်းတွေကို ရယူနေတာတွေ ရှိပါတယ်။ ဓနအင်အား သာလွန်မှုကို သုံးပြီး Application ပေါင်းစုံနဲ့ Hacking လုပ် သတင်းရယူတာ၊ Hacker တွေ မွေးထုတ်ပြီး သတင်းခိုးဝှက်တာတွေကို ရှေးကတည်းက လုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံထားမှုဟာ ဒီကနေ့ နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေး အင်အားစုတွေဘက်က စစ်ရေးသတင်းဆက်သွယ်မှုတွေကို ရယူတဲ့နေရာမှာ တစ်ပန်းသာစေခဲ့တာ ရှိပါတယ်။
နည်းပညာကျွမ်းကျင်သူတစ်ဦးက အလုံဘူတာပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဝင်အချို့ ဖမ်းဆီးခံရမှုဟာ လူမှုကွန်ရက်နဲ့ သတင်းဌာနတွေမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကြောင့် ဖြစ်နိုင်တယ်လို့ တွက်ဆခဲ့ဖူးကြောင်း အခုလို ပြောပါတယ်။
"ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုဖိုင်ကနေပြီး Metadata ကို ဖတ်ကြည့်လို့ ရပါတယ်။ Metadata ဆိုတာ အလွယ်ကူဆုံးပြောရရင် ဓာတ်ပုံ ဆိုပါက ဒီဓာတ်ပုံကို ဘယ် Devices နဲ့ ရိုက်ထားတယ်၊ ဓာတ်ပုံအရည်အသွေး ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်အလက်တွေအပြင် ဓာတ်ပုံရိုက်ယူထားရာ နေရာရဲ့ လတ္တီကျု၊ လောင်ဂျီကျူလို့ဆိုတဲ့ Lat, Long ကိုပါ အနီးစပ်ဆုံး ဖော်ပြပေးနိုင်ပါတယ်။ ဗီဒီယိုဖိုင်မှာ ဆိုရင်လည်း ဖိုင်မှာပါတဲ့ တစ်ဖရိန်ချင်းစီအလိုက် ပြန်စစ်လို့ ရတဲ့ နည်းပညာတွေက အများကြီး ရှိနေပြီး ဖြစ်ပါတယ်" ဟု ဆိုပါတယ်။
သူက ဆက်လက်ပြီး “အခု Devices တွေ ပိုကောင်းလာတော့ Location က အတော်ကလေးကို တိကျတယ်။ Lat, Long ကအစ။ နောက်ပြီး ဗီဒီယိုဆိုရင်လည်း တဖရိန်ချင်းအလိုက် ပြန်စစ်လို့ရတဲ့ဟာတွေက အများကြီး။ ဘယ်ကို ဦးတည်တယ်၊ ကားအမျိုး အစားက ဘာအစပေါ့။ စစ်တပ်ဘက်မှာက နည်းပညာရှိတယ်။ ကိုယ့်လူတွေက သူတို့ကို အထင်ကြီးလို့ မရပေမယ့် အထင်သေးလို့ မရဘူး။ စစ်တပ်ဘက်မှာက နည်းပညာအရ ကျွမ်းကျင်တဲ့ Hacker တွေရှိသလို ရုရှားပြန်တွေကလည်း များတယ်။ သူတို့က Management မကောင်းလို့သာ မကောင်းတာ၊ ဒါကို တတ်ကျွမ်းတဲ့အင်အားစုက သူတို့ လက်ထဲမှာ ရှိတယ်" ဟု ပြောသည်။
နည်းပညာတိုးတက်မှုဟာ စစ်အုပ်စုအတွက်သာ အားသာချက်ဖြစ်စေတာ မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေအတွက်လည်း အားသာစေတဲ့အချက်တွေကို ဖန်တီးပေးပါတယ်။ ကွန်ရက်ချိတ်ဆက်မှု၊ တော်လှန်ရေးဝါဒဖြန့်မှုတွေအပြင် You Tube ကဲ့သို့သော အင်တာနက်ဝက်ဘ်ဆိုက်တွေပေါ်က အချက်အလက်တွေကို ရယူပြီး ရရာပစ္စည်းနဲ့ တိုက်ခိုက်ရေးလက်နက်တွေ၊ မိုဘိုင်းလ်ဖုန်းသုံးပြီး ဖောက်ခွဲရေးပစ္စည်းလုပ်နိုင်တာတွေ ရှိလာပါတယ်။