ရှစ်လေးလုံး အရေးတော်ပေါ်ပုံကြီး ပြီးကတည်းက ဒီကနေ့ အခြေအနေအထိ စစ်အုပ်စု မဟုတ်သော ဒီမိုကရက်တစ်အင်အားစုတွေ ဟာ စစ်တပ်ရဲ့ တရားဝင်မှုကို လက်ဦးမှု ရှိရှိ ချေဖျက်ခဲ့သလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့ တရားဝင်မှုကို တည်ဆောက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအရ လက်ဦးမှုဆိုတဲ့ နေရာမှာ အုပ်ချုပ်ရေးကဏ္ဍနဲ့ သွားမရောထွေးမိကြဖို့တော့ လိုအပ်ပါတယ်။လက်ဦးမှုဆိုတာ တစ်နည်းပြောရရင် အသာစီးရမှု ဖြစ်ပါတယ်။ နိုင်ငံရေးမှာလည်း အသာစီးရမှုဆိုတာ ရှိသလို စစ်ရေး၊ အုပ်ချုပ်ရေး ဆိုတာတွေမှာလည်း အသာစီးရမှုဆိုတာ ရှိပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးမှာ NUCC လို အမျိုးသားရေးညီညွတ်ရေးအတိုင် ပင်ခံကောင်စီ ဖွဲ့လာနိုင်တာ၊ CRPH, NUG တွေ ဖွဲ့လာနိုင်တာ နိုင်ငံရေးအရ အသာစီးရမှု ဖြစ်ပါတယ်။ ထို့နည်းတူ မြေပြင်မှာလည်း စစ်အုပ်စုက လက်နက်နဲ့ ထိန်းချုပ်ပြီး နယ်မြေအသာစီးရမှု ရှိနေတာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Local PDF တွေနဲ့ တိုက် ထုတ်ပြီး နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက်ထားနိုင်တာဟာ စစ်ရေးအရ အသာစီးရမှု ဖြစ်ပါတယ်။ မြေပြင်မှာ ဆန္ဒပြပွဲတွေ ဆက်တိုက် လုပ်ပြီး စစ်အုပ်စုဟာ လူထုထောက်ခံရွေးချယ်ထားသူ မဟုတ်ကြောင်း ပြသနေတာဟာ နိုင်ငံရေးအရ အသာစီးရမှုတွေ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က နိုင်ငံရေးလက်ဦးမှု ရယူနိုင်တာ၊ တရားဝင်မှု တည်ဆောက်ထားနိုင်တာဟာ လူထုရဲ့ ထောက်ခံ မှုကြောင့် ဖြစ်တယ်။ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှန်သမျှကို လူထုက အဆက်မပြတ် ထောက်ခံခဲ့တာကြောင့် စစ်အုပ်စုဟာ နိုင်ငံရေးလက်ဦးမှု ကျဆုံးခဲ့တာ ဖြစ်ပါတယ်။