မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့်
အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့
ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ် ။
ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး
၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား ။
ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့
ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ ၊
မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆူနဲ့ ကာလိုက်တယ် ။
ပျောက်ကွယ်သွားတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက ရွာတွေဆိုတာ
ပေါ်လစီကားတွေမှာ ပါလေ့မရှိတော့
နဂိုကတည်းက တည်ရှိမှန်းလည်း ဘယ်သူမှ မသိခဲ့ပါဘူး ။
အခုတော့ တောင်ပေါ်တွေရော အညာတွေရော စေတီတွေရော
မုန်တိုင်းနဲ့အဝေးကြီးမို့ စိတ်ချလက်ချအိပ်စက်နေသူတွေရဲ့
အိမ်ထဲအထိပါ ရေက ဝင်လာနေခဲ့ပြီ ။
ခုနစ်လွှာက လူငယ်တစ်ယောက်တောင် ရေစီးနဲ့ မျှောပါပြီး
ကွန်ဒိုနဲ့နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ရေစီးနဲ့ ပါသွားပြီး
စစ်ကြောရေးကို ရောက်လိုရောက်
ရိုးရှင်းတဲ့ ကျေးလက်ဘဝမှာပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့
ရွာလေးလည်း မြေပြိုတဲ့အထဲ ပါသွားပြီ ။
ရေဘေးသင့်နေသူတွေဟာ ဘာသာရေးတရားခွင်က ပြစ်ဒဏ်ကြောင့်
ဝေသာလီပြည်ထဲ ဝင်လာတဲ့ ဘီလူးက ဆရာတော်ဘုရားကိုယ်တိုင်ပဲဆိုတာ
လူငယ်တွေက အနံ့ခံမိသွားတယ် ။
ဒီကာလမှာ သူတို့တတွေအားလုံး မိဂဒဝုန်ထဲ ရောက်နေတဲ့ ကောင်တွေချည်းပဲလေ ။
သုံးနှစ်အတွင်းမှာ အားလုံး ဆူးခက်သရဖူတွေ ကိုယ်စီနဲ့ပဲလေ ။
ရေက မြို့နေကလေးတွေရဲ့ခေါင်းထဲမှာပါ စီးဝင်နေတော့
တော်လှန်ရေးကလည်း တောထဲမှာလောက်ပဲ မဟုတ်ဘူး ။
ငါ ဒုက္ခခြေကျင်းတန်းလန်းနဲ့ ဖြစ်တုန်းကတော့ စိတ်ငြိမ်ဆေးတစ်ကဒ်ကို
ပါဠိစာသားတွေနဲ့ ရေးထားတဲ့ စာအုပ်ထက် ပိုယုံကြည်ဖူးတယ် ။
အခုလည်း ကိုယ်တိုင် ရေထဲမျှောနေရာကနေ
ရေနစ်နေသူကို လှမ်းကယ်နေသူတွေ ငါမြင်နေရတယ် ။
ငါ သူတို့ အရေပြားကို မမြင်ဘူး ၊
ငါ မြင်တာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို ကယ်နေတာ ။
ငါ့လူငယ်ဘဝမှာတင် ရေဘေးအတွက် ဗော်လန်တီယာလုပ်ဖူးတာ အကြိမ်ကြိမ် ၊
ငါလှူသလို နိုင်ငံတော်ကလည်း ရေဘေးဆို ဘုရားဆင်းတုတွေပါ
ပျော်ပျော်ကြီး လှူကြတယ် ၊
လှူချင်လွန်းလို့ နောက်နှစ်တွေမှာ ကပ်မဆိုက်မှာကိုတောင်
သူတို့ စိုးရိမ်ပူပန်ကြတယ် ။
တိုင်းပြည်ကို အပေါက်တွေ မပြတ်ဖေါက်ပေးဆဲပဲ ။
ရေကြီးနေတဲ့ ဗီဒီယိုအောက်မှာ
မီးလောင်နေတဲ့ စစ်ရှောင်စခန်း ဗီဒီယို တက်လာတယ် ။
ကဗျာဆရာတွေလည်း ဒုက္ခဝဲဂယက်ထဲ
ရွှံ့နွံလို အထပ်ထပ်ဖြစ်နေတဲ့ နိမိတ်ပုံတွေကို မနည်းရွေးထုတ်နေရပုံပဲ ။
ရေဘေးအလှူခံနေတဲ့ ဘယ်သူမှလည်း We are the world ကို မဆိုတော့ဘူး ။
ကမ္ဘာကြီးနဲ့ သူတို့ အဝေးကြီးမှန်းလည်း သိသွားကြပြီ ။
အေအိုင်ကတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ပြောင်းပြန်
မီးလောင်နေတဲ့ တဲအိမ်တွေ အဖြစ် သိထားတယ် ။
ငိုယိုပြေးလွားနေတဲ့ ကလေးတွေအဖြစ် သိထားတယ် ။
(မြန်မာကလေးတွေရဲ့မျက်နှာကိုတော့ မြင်ဖူးပုံမရလို့ ထိုင်းကလေးတွေ မျက်နှာပဲ ထည့်လေ့ရှိတယ် )
ပြီးတော့ အလွန်အကျွံရွှေရောင်သန်းနေတဲ့ စေတီတွေ ရှိရာအရပ်အဖြစ် သိထားတယ် ။
လူမှုကွန်ယက်ကြောင့် လူမျိုးရေးပြဿနာတက်တဲ့ နိုင်ငံအဖြစ် အထူး သိထားတယ် ။
ကမ္ဘာကြီးရဲ့ မျက်လုံးထဲမှာတော့ ငါတို့အားလုံး ဘာနားနားတွေ ဖြူဖြူထွေးတွေချည်းပဲ ။
ရေပြန်ကျသွားတဲ့ တစ်နေ့တော့ အားလုံး အရှိအတိုင်း တွေ့ရမယ် ။
ဒီမြေပေါ်မှာ လက်သီးဆုပ်ထားတဲ့ အရိုးစုတွေ ၊
အမြဲတမ်းပူနွေးနေမယ့် ကျည်ခွံတွေ ၊
ဂရင်းကင်ညွန်ချောက်နက်တမျှ စိတ်ဒဏ်ရာတွေနဲ့
အဖြစ်အပျက်တွေ စီထပ်ထားတဲ့ ပိရမစ်ကြီးတွေ ၊
ကြေကွဲလွမ်းဆွတ်ဖွယ်အပြည့်နဲ့ တာ့ချ်မဟာတွေ
ဓမ္မနဲ့ အဓမ္မ နယ်မြေကို ပြတ်ပြတ်သားသားပိုင်းခြားထားတဲ့
လူငယ်တွေရဲ့အသက်တစ်ခုစီနဲ့ တည်ဆောက်ခဲ့သော မဟာတံတိုင်းကြီးတစ်ခု
ပြီးတော့ ကမ္ဘာကြီးကို လှောင်ရယ်နေမယ့် ဝိညာဉ်တွေ ၊
ပြီးတော့ သင်တို့ စိုက်ပျိုးခဲ့သမျှ လွတ်လပ်ငြိမ်းချမ်းသော တောအုပ်လည်း မပါမဖြစ်ပေါ့ ။
လောလောဆယ် ရေပြန်မကျသရွေ့တော့ ရေတွေသာ ငါ မြင်နေရတယ် ။
အိပ်မက်ထဲအထိ စီးဝင်နေတဲ့ ရေတွေ ။