နွေဦးထဲမှာ နှစ်သစ်ကို ကူးခဲ့ရတာ နှစ်ကြိမ်ရှိပြီ။ နှစ်သစ် ကြံရွယ်ပိုင်းဖြတ်ချက်တွေ ချခဲ့ရတာ နှစ်ကြိမ်ရှိပြီ။ ယေဘုယျအားဖြင့် ကမ္ဘာပေါ်က လူသားတွေ နှစ်သစ်ကူးသလို ပျော်ရွှင်ခြင်းတွေနဲ့ ပွဲတော်တွေနဲ့ မီးရောင်စုံတွေနဲ့ တေးသံသာတွေနဲ့ နှစ်သစ်မကူးကြရတာ နှစ်ကြိမ်ရှိပြီ။ နွေဦးထဲမှာ နှစ်သစ်ကူးကြတဲ့အခါ တစ်နိုင်ငံတည်းသားတွေရဲ့ မလွတ်မြောက်သေးတဲ့ ဆင်းရဲတွေ မပြီးဆုံးသေးတဲ့ ရုန်းကန်မှုတွေကို စိတ်ထဲ ထည့်ထားနိုင်တဲ့ နိုင်ငံသားစစ်စစ်တွေဟာ ဘယ်မှာ အနှောင့်အသွားလွတ်လွတ် ဖြူးဖြူးဖြောင့်ဖြောင့် နှစ်ကူးနိုင်ကြပါ့မလဲ။ ဟောဒီ ကဗျာဆရာက နှစ်သစ်ကူးညကို အကျဉ်းကျည လို့ သဘောထားခံစားတယ်။ မှန်ပါတယ်။ သူ့ရဲ့ အမည်ကိုလည်း မလွတ်သေးတဲ့ အခါမို့ ချန်လှပ်ပြီး လပ်ထားခဲ့ရပါတယ်။ သူတန်ဖိုးထားတဲ့ နိုင်ငံသားတွေဟာ ထောင်ထဲမှာ ဆင်းရဲခြင်းနဲ့ မိတ်ဖွဲ့နေရတယ်။ တောထဲမှာ တိုက်ပွဲထဲမှာ ရုန်းကန်ခြင်းနဲ့ လည်ပင်းဖက်နေရတယ်။ ဒီတော့ သူ့ရဲ့ နှစ်သစ်ကူးညကို ကိုယ်တိုင် အကျဉ်းချထားလိုက်တယ်။
အေးစက်ခြင်းနဲ့ ပူလောင်ခြင်းသာ မိတ်ဖွဲ့ရင်း
ပြတင်းမဲ့အရပ်က ပြန်မလာနိုင်သေးသူတွေရယ်
ဓါးမတဖက် မြားတလက်နဲ့ စပါးတခက်အရှာထွက်သူတွေရယ်
ဒီလိုအခါ ပျော်ရာရှာဖို့ အားနာမိသမျှ
နှစ်ကူးညဟာ အကျဥ်းချခံထားရမြဲ။
ဒီကဗျာဆရာလိုပဲ poet of no name နဲ့ပဲ ဖော်ပြလို့ သင့်ဦးမယ့် ကဗျာဆရာတစ်ဦးကတော့ နွေဦးမှာ ပင်ကိုရေးကဗျာတွေ၊ ဘာသာပြန်ကဗျာတွေနဲ့ နွေဦးထည့်ဝင်မှု များတဲ့ ကဗျာဆရာပါ။ သူကတော့ နှစ်ကူးမှာ ကောင့်ဒေါင်းရေတွက်ရင်း သူ့ရဲ့ ရည်သန်မှုကို ရှင်းရှင်းပဲ ဖော်ပြပါတယ်။
နှစ်သစ်ကို ကြိုချင်တာမဟုတ်ဘူး
ခံစားမှုဗလာနဲ့ သီချင်းငှက် မဟုတ်ဘူး
ပြာပုံထဲကထွက်လာမယ့် ဖီးနှစ်ငှက်ကွဲ့။
နှစ်ကူးအစဉ်အလာအတိုင်း ကောင့်ဒေါင်းရေတွက်ရင်း ဟက်ပီးနူးယီးယားလို့ အော်ပြီး ကဗျာကို အဆုံးသတ်ထားပေမဲ့ မြင်တွေ့ချင်တာက ခံစားမှုဗလာနဲ့ သီချင်းငှက် မဟုတ်ဘူး ဆိုတဲ့ သူ့အာသီသက ကျွန်တော်တစ်ယောက်အတွက်ဖြင့် အတော်ရိုက်ခတ်တယ်။ အမှန်တရားကို မြတ်နိုးပြီး သူပုန်စိတ်ခံလည်း ရှိတတ်တယ်လို့ ဆိုတဲ့ ကဗျာဆရာတွေထဲမှာမှ ဒီလို နွေဦးခါ အရေးတော်ပုံကာလမှာ ခံစားမှု ဗလာတို့ ခံစားမှု အပြာတို့နဲ့ ပွဲထွက်ထွက်လာတဲ့ သီချင်းငှက်တွေကို တွေ့တွေ့နေရတဲ့အခါ သိပ်တော့ အဆင်မပြေပါဘူး။