အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အဖွဲ့ကို
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ၈ နှစ်ပြည့်
အခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားထားတယ်လို့
စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပြီး
လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကေအိုင်အေနဲ့တပ်တွေ
တိုက်ပွဲတွေပြင်းထန် ဖြစ်နေသလို ဒေသခံပြည်သူတွေထောင်နဲ့ချီပြီး
ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။
ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမဲ့
စစ်ကောင်စီကတော့ အောက်တိုဘာ ၁၅ ရက်မှာ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ၈
နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒီအခမ်းအနားတက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားစာကို
ကချင်လွတ်မြောက်ရေး တပ်မတော်ဘက်ကလက်ခံရရှိထားပေမဲ့ အဲဒီအခမ်းအနား
တက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာကိုတော့ ဗဟိုကော်မတီက အခုချိန်ထိ
မဆုံးဖြတ်ရသေးဘူးလို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး
နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။
အန်စီအေ ၈ နှစ်ပြည့်အခမ်းအနားကို ‘ဝ’ ဦးဆောင်တဲ့
မြောက်ပိုင်းအဖွဲ့တွေအပြင် တိုင်းရင်းသားတော်လှန်ရေး
လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ
ဆွေးနွေးကြဖို့ဆိုပြီး ဖိတ်ကြားထားတယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့တွေနဲ့
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကတော့ အခုချိန်ထိ စစ်ကောင်စီရဲ့
ဖိတ်ကြားစာမရသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ
ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
အန်စီအေ ၈ နှစ်ပြည့်အခမ်းအနားမှာ သက်ဆိုင်သူအားလုံးပါဝင်ပြီး
အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်နိုင်ဖို့အတွက်
အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး ၅ ဖွဲ့ဘက်က
အဆိုပြုထားသလို စစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး
အခမ်းအနားကျင်းပနိုင်ရေး အဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းထားတယ်လို့ PPST
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အန်စီအေစာချုပ်ဟာ လက်ရှိအချိန်ထိ အသက်ဝင်နေဆဲ
ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက် အန်စီအေ သဘောတူစာချုပ် ၈
နှစ်ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးချိန်က အသိသက်သေအဖြစ်ပါဝင်ခဲ့ကြတဲ့
နိုင်ငံတွေအားလုံးကိုတက် ရောက်ပေး ဖိတ်ကြားထားပြီး သက်ဆိုင်သူအားလုံးနဲ့
စာချုပ်ပါကိစ္စတွေကို ပြန်လည်ဆွေးနွေးကြဖို့လည်းရှိ နေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ စစ်ရေး
အကျပ်အတည်းတွေကို လျှော့ချနိုင်ဖို့အတွက် စစ်ကောင်စီဟာ
တရုတ်နိုင်ငံရဲ့အကူညီနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိနေတဲ့
တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို
တက်ရောက်ဖို့အပြင် အနာဂတ်ဖက်ဒရယ်ဆိုင်ရာ ပြဿနာတွေကို
ဖြေရှင်းနိုင်ရေးဆွေးနွေးကြဖို့ ပြောဆိုခဲ့ပေမဲ့ မြောက်ပိုင်း
လက်နက်ကိုင်အဖွဲ့တွေဘက်က ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိသလို
ငြိမ်းချမ်းရေးညီလာခံကိုလည်း လက်ရှိနိုင်ငံရေးအခြေအနေအရ
တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။