https://burmese.dvb.no/post/684622
မြန်မာနိုင်ငံရဲ့အခြေအနေက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့
စဉ်းစားသင့်တဲ့အချိန်လို့ ယူဆတာကြောင့် ပြည်တွင်းက အင်အားစုတချို့နဲ့
ငွေဆောင်ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ လက်ရှိပြဿနာကို ကြားကနေ
ဖြေရှင်းပေးနိုင်မယ့် တတိယအင်အားစုက ပြည်တွင်းမှာ ရှိမနေဘူးလို့
ငွေဆောင်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို
ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့အတွက် လူထုထောက်ခံမှုရှိနေတဲ့
နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ပြည်တွင်းမှာ ကျန်ရှိနေတဲ့
အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ နိုင်ငံရေးအင်အားစုအသီးသီးက လူပေါင်း ၄၀
နီးပါးက ငွေဆောင်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်မှာ
သီးသန့်တွေ့ဆုံခဲ့ပြီး အချက် ၇ ချက်ကို မူအရ သဘောတူခဲ့ပါတယ်။
အဲဒီဆွေနွေးပွဲမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က မပါပေမဲ့ ၇၄
ခုနှစ်ကတည်းက နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့တဲ့သူတွေ၊ ဦးမြအေးအပါအဝင် ၈၈
မျိုးဆက် တချို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့်နည်းလမ်း
ရှာဖို့အတွက် ဆွေးနွေးခဲ့တာလို့ အဲဒီဆွေးနွေးပွဲမှာ ပါရှိခဲ့တဲ့ SNLD ပါတီ
ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်သူအားလုံးပါတဲ့ ဆွေးနွေးမှုမျိုးကို
မလုပ်နိုင်သေးပေမဲ့ အားလုံးပါဝင်မှ ဆွေးနွေးပွဲစမယ် ဆိုရင်လည်း ဘယ်တော့မှ
စနိုင်မှာ မဟုတ်တာကြောင့် ရှိတဲ့သူနဲ့ ဆွေးနွေးပွဲကို စလုပ်ခဲ့တာဖြစ်ပြီး
နောက်ပိုင်းတွေမှာ ထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းတွေကို
ဖြေရှင်းနိုင်ဖို့အတွက် ပြည်တွင်းမှာ ကြားဝင်ဖြေရှင်းပေးနိုင်တဲ့
တတိယအင်အားစု ရှိမနေတာကြောင့် နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆွေးနွေးပွဲတွေ
စသင့်တယ်လို့လည်း ပြောပါတယ်။
ငွေဆောင်ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲမှာ ဒီမိုကရေစီ
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အပါအဝင် သက်ဆိုင်သူအားလုံး လက်ခံတဲ့
ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးသဘောတူညီချက်တရပ်
ပေါ်ပေါက်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဖြစ်လာဖို့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပြီး
ရောက်နေတဲ့နေရာမှာ စစ်ပွဲတွေ ရပ်တန့်ထားဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။