ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို
ထဲထဲဝင်ဝင်ဆွေးနွေးတာမျိုးမရှိဘူးလို့ ဝေဖန်တာတွေရှိခဲ့ပေမဲ့
အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက်တော့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခွင့်ရပြီး ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးတွေ
တည်ဆောက်နိုင်ခဲ့တယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ကျင်းပခဲ့တာပါ။
ဒီညီလာခံမှာ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အပါအဝင်
အာဆီယံ နိုင်ငံခေါင်းဆောင်တွေက မိန့်ခွန်းတွေမှာ
ထည့်သွင်းပြောဆိုတာတွေရှိခဲ့ပေမဲ့ ထဲထဲဝင်ဝင်
ဆွေးနွေးတာမျိုးမရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က
ဒုက္ခသည်တွေကို ဒေါ်လာ ၁၁၆ သန်း ကူညီမယ်လို့ ကြေညာခဲ့တာ၊
သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ
အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားဖို့အလားအလာကောင်းတွေရှိနေတာ၊ နိုင်ငံတကာ
ခေါင်းဆောင်တွေနဲ့ ညီလာခံပြင်ပမှာ သီးခြားတွေ့ဆုံခွင့်ရပြီး
သံတမန်ရလဒ်ကောင်းတွေ ရယူထားနိုင်တာ စတဲ့ အကျိုးအမြတ်တွေကိုတော့ NUG
နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ရယူနိုင်ခဲ့ပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “တွေ့ဆုံမှုတွေမှာ
ထိရောက်တဲ့ရလဒ်တွေရခဲ့တာ အများကြီးရှိတယ်ဆိုတာ ပြောကြားနိုင်ပါတယ်။ နိုင်ငံ
သမ္မတတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဒုနိုင်ငံခြားရေးဝန်ကြီးတွေ၊
သံအမတ်တွေ၊ နောက်ပြီးတော့ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေပါတဲ့ The Elders
အဖွဲ့ဥက္ကဋ္ဌ အရင် အိုင်ယာလန်သမ္မတဟောင်း ခေါင်းဆောင်တဲ့
ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ OIC ရယ် ၊ နောက်တခါ
အစ္စလာမ်မစ် ဖွံ့ဖြိုးရေးဘဏ်၊ အဲဒီကလုပ်တဲ့ Side Meeting မှာဆိုရင်လည်း
ကျနော်တို့ NUG ဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်
ဆွေးနွေးခဲ့တာတွေရှိတယ်။ သတင်းမထုတ်ပြန်ဘဲနဲ့
တွေ့ဆုံဆွေးနွေးတဲ့အချက်တွေလည်း အများကြီးရှိပါတယ်။ အားရစရာတွေ
အများကြီးရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်။ တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့
သံရေးတမန်ရေးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “ကမ္ဘာပေါ်မှာ
တခြားပြဿနာတွေကလည်း တော်တော်အရေးကြီးနေတာကိုး။ ယူကရိန်းကိစ္စလိုမျိုး
အိန္ဒိယနဲ့ ကနေဒါ ဖြစ်နေတဲ့ကိစ္စလိုမျိုးတွေ အဲ့ဒီလိုပြဿနာတွေ
တပုံကြီးအောက်မှာဆိုတော့ ကျမတို့ မြန်မာပြည်အရေးနဲ့ပတ်သက်လို့တော့
နိုင်ငံကတကာက သိပ်ပြီးတော့ ထူးထူးချွန်ချွန်ကြီးတော့ ဝင်ပါဖို့ဆိုတာတော့
သိပ်မရှိဘူးဗျ။ ကျမတို့ကိုယ်လုပ်စရာရှိတာ ကိုယ့်ဟာကိုယ်လုပ်ဖို့ပဲ ဖြစ်တယ်။
နိုင်ငံတကာအကူအညီကတော့ ဒီလောက်ဖြစ်လာမယ်လို့တော့ ကျမ မထင်ဘူး။ ICC
ပို့မှာတို့ ဘာတို့ အဲဒါ လေတွေပါပဲ။ ဘယ်ပို့ပို့ပါ ဘယ်သူမှ
ဘာမှဂရုမစိုက်ပါဘူး။ သူတို့လည်း ဂရုမစိုက်ပါဘူး။ ကျမတို့ပြည်သူတွေကိုပဲ သူ
ဂရုစိုက်မှာ။ ပြည်တွင်းအခြေအနေတွေကိုပဲ သူတို့ ဂရုစိုက်မှာ။ ဒါကြောင့်
ပြည်တွင်းမှာပဲ လုပ်စရာရှိတာလုပ်ဖို့ပါပဲ”လို့ ပြောပါတယ်။
စက်တင်ဘာလဆန်းပိုင်းမှာ အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး
အလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌဟောင်းနဲ့ နောက်တက်မယ့်
အလှည့်ကျဥက္ကဋ္ဌတို့ သုံးနိုင်ငံခေါင်းဆောင်တွေ ပူးပေါင်းအဖြေရှာမယ့်
နည်းလမ်းနဲ့ ချဉ်းကပ်တဲ့ ပုံစံအသစ်ပြောင်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်မှ ဦးစိုးဝင်းဆွေ က
“အကြမ်းဖက်စစ်တပ်ကို ကြည့်မယ်ဆိုရင်ဗျာ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင်
နိုင်ငံတကာက သတ်မှတ်ထားတဲ့ သဘောတူစည်းမျည်းတွေကို ဘာတခုမှ
လိုက်နာတာမှမရှိဘဲနဲ့။ လက်နက်အားကိုးပြီး ဗိုလ်ကျနေတဲ့ သူတို့ကိုယ်သူတို့
အစိုးရလို့ ကြေညာထားတဲ့ ဖက်ဆစ်အစုအဖွဲ့ကို နိုင်ငံတကာကလည်း
ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ရှေးရှုပြီးတော့ သူတို့ကိုပဲ
မျက်နှာသာပေး ဆက်ဆံနေမယ်ဆိုရင်တော့ ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့
ရာဇဝတ်မှုတွေကို လျစ်လျူရှုရာရောက်ပါတယ်။ မြန်မာပြည်သူတွေကို ကူညီမယ်
ကူညီမယ်ဆိုပြီးတော့ အသံကောင်းတွေ ဟစ်နေတယ် ဆိုပေမယ့်ပေါ့ဗျာ။ ဒါတွေက
လေပေါ်က စကားလုံးတွေပဲ ဖြစ်နေပြီးတဲ့အခါကျတော့ လက်တွေ့ ဆောင်ရွက်နေတာတွေနဲ့
ကွာခြားနေတယ် ဆိုတာကိုတော့ ကျနော် ပြောချင်ပါတယ်”လို့ ပြောပါတယ်။
လက်တွေ့အခြေအနေတွေမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ၂၀၂၀ မှာ ဖြစ်ပွားခဲ့တဲ့
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုရေး
ကျန်းမာရေး ပြဿနာတွေ၊ နောက်ဆက်တွဲ အကျပ်အတည်းတွေကနေ ပြန်ရုန်းထနိုင်ဖို့
ကြိုးစားနေရတာဖြစ်ပါတယ်။ အင်အားကြီးအနောက်နိုင်ငံတွေကိုယ်တိုင် ပြည်တွင်း
လူမှုစီးပွား မတည်ငြိမ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့
ရုန်းကန်နေရတာဖြစ်ပြီး ကမ္ဘာအနှံ့ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြားမှာ
မြန်မာ့အရေးဟာ မှေးမှိန်ခဲ့ရတာဖြစ်ပါတယ်။