ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြင်းထန်တဲ့ မုတ်သုံကာလကို ရောက်နေတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို ထပ်မံရင်ဆိုင်နေကြရပါတယ်။
ရေကြီးရေလျှံမှု၊ မြေပြိုမှု နဲ့အတူ ရောဂါ ဖြစ်ပွားမှုတွေက ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီး အပြင် ကလေးတွေရဲ့ အသက်ကိုပါ ခြိမ်းခြောက်နေပါတယ်။ နောက်ထပ် သုံးလအထိ ကြာမြင့်ဦးမယ့် မုတ်သုံကာလ မှာ ဖြစ်ပွားနေတာကြောင့် “ပျက်ကပ် ဆိုက်ပြီးရင်း ဆိုက်” ဖြစ်နေတယ်လို့ ကူညီထောက်ပံ့ရေး အေဂျင်စီတွေကလည်း သတိပေးနေပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က နုံချာနေတဲ့ ဒုက္ခသည် စခန်းတွေဆီ တို့အသံ အဖွဲ့သားတွေ က သွားရောက် လေ့လာခဲ့ပါတယ်။ အဲ့ဒီစခန်းတွေမှာ လေဒဏ်၊ မိုးဒဏ်တွေကြောင့် စခန်း အမိုးမလုံတာ၊ အပေါက် ဖြစ်ကုန်တာတွေကို ဒုက္ခသည်တွေ၊ ကူညီထောက်ပံ့ရေးအေဂျင်စီတွေနဲ့ စေတနာ့ဝန်ထမ်းတွေပါ ကမန်းကတမ်း လိုက်လံဖာထေးနေရတာကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒီဒုက္ခသည်တွေက လူမျိုးရေးသုတ်သင်မှုလို့ ကုလသမဂ္ဂက အမည်တပ်ခဲ့တဲ့ ကိစ္စရပ်ကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့သူတွေပါ။ ဒါပေမဲ့ မုတ်သုံရာသီဆိုတာ သူတို့ ရှောင်တိမ်းဖို့ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။