အဆိုးတွေ၊ Toxic တွေ ဆိုတဲ့နေရာမှာကျွန်တော်တို့ ဘာကို အရင်ဆုံး ပြေးမြင်တတ်ကြလဲ? ကိုယ့်စိတ်ကို ညစ်နွမ်း နေစေတဲ့လူတွေ၊ အဖြစ်အပျက်တွေနဲ့ စိတ်ခံစားမှုမကောင်းစေတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ပြေးမြင်မိ တတ်ကြတယ်။ Supportive မဖြစ်တဲ့ ပတ်ဝန်းကျင်၊ကိုယ့်ကို ပျော်ရွှင်မှုမပေးတဲ့ အဖြစ်အပျက်၊ အေးချမ်းမှုကို မခံစားရတဲ့ ရပ်ဝန်း၊ယှဉ်ပြိုင်မှုတွေပြင်းထန်ပြီး energy drain ဖြစ်စေတဲ့အသိုင်းအဝိုင်းမှန်သမျှကိုအဆိုး တွေ အဖြစ် သတ်မှတ်ရင်း ကျွန်တော်တို့အတွက် မလုံခြုံတဲ့ နေရာ၊ လူ၊ပတ်ဝန်းကျင် ဆီကနေ ထွက်ခွါဖို့ ကိုယ့်အေးချမ်း မှုကို ရှေးရှုပြီး ကြိုးစားကြတယ်။ဒီ external factors တွေကို အပြုသဘော မဆောင်တဲ့အရာတွေလို့သတ်မှတ် တယ် ။ Toxic လို့ သတ်မှတ်ရင်း ဒီ ပြင်ပ အရာတွေကိုပြောင်းလဲပစ်နိုင်ဖို့ အားထုတ်တတ် ကြတယ်။
ဒါဆိုရင်ကျွန်တော်တို့အတွင်းထဲမှာ ရှိနေတဲ့ အရာတွေကိုရော ကျွန်တော်တို့ပြောင်းလဲပစ်နိုင်ဖို့ စဉ်းစား ကြည့်ဖူးလား? (သို့) စဉ်းစားကြည့်ဖို့လိုအပ်နိုင်မလား? တစ်ခုခုကို တွေးမိတဲ့အခါ အဆိုးနဲ့ အားနည်းချက်ကို အရင်တွေးပစ်လိုက် တာမျိုး၊ ကိုယ်ဖြစ် ချင်လိုချင်တာတွေနဲ့ ယှဉ်၊ ကိုယ့်စံနှုန်းတွေနဲ့တိုင်းတာရင်း တခြားလူတွေကို ကောင်းတယ်/ မကောင်းဘူး သတ်မှတ်လိုက်တာမျိုး၊မကျေနပ်တာမျိုး၊ ကိုယ့်တန်ဖိုး “Value” တွေကို တခြားလူဆီမှာရှာမရတဲ့ အခါ ဒီလူကို မကောင်းတဲ့သူအဖြစ် မြင်ပစ်လိုက် တာမျိုး၊ဒေါသဖြစ်တာမျိုး၊ ကိုယ့်ယုံကြည်မှုနဲ့ ကွဲလွဲလာခဲ့ရင် အမှားအဖြစ် သတ်မှတ်တာမျိုး၊မျှော်မှန်းထားမှုတွေနဲ့ လွဲချော်တာနဲ့ အရည်အချင်းမပြည့်မီဘူးလို့ တစ်ထစ်ချယုံကြည်ထားတာမျိုး၊ တစ်ခုခုရှုံးနိမ့်တာနဲ့ ပြင်လို့မရတဲ့အမှားတစ်ခုလို ခံယူထားတာ မျိုး၊ကိုယ်ထင်မြင်တဲ့အတိုင်း အားလုံးကို ပုံစံခွက်ထဲ ထည့်ပစ်လိုက်တာမျိုး….စသဖြင့် အများကြီးပေါ့လေ။