ရေနဲ့မီး၊ အေးမြခြင်းနဲ့ ပူလောင်ခြင်းလိုဆန့်ကျင်ဘက်ဖြစ်နေတဲ့အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားနဲ့ မကောင်းမြင်တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားတို့ရဲ့လုပ်ဆောင်မှုတွေကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တစ်ချို့သောသူတွေက ပြဿနာတစ်ခုကိုကြည့်ရှုသုံးသပ်တဲ့နေရာမှာအပြုသဘောနဲ့သုံးသပ်တတ်ကြပေမယ့် တစ်ချို့ကတော့ မကောင်းမြင်တဲ့စိတ်နဲ့ပဲပြဿနာရဲ့ အရင်းအမြစ်ကိုရှာတတ်ကြပါတယ်။ ဒီလိုနဲ့ မကောင်းမြင်တတ်တဲ့စိတ်အခြေခံကနေ စတင်လိုက်ရာကနေမဆုံးနိုင်တဲ့ ပြဿနာ တွေ အမုန်းမီးပွားမှုတွေကမီးခိုးကြွက်လျှောက်ဆိုသလိုဖြစ်သွားတတ်ပါတယ်။
မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင်အပျက်သဘောအရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘာကြောင့်မှားတယ် ဆိုတဲ့အရာထက် ဘယ်သူမှားတယ်၊ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲရှာဖွေပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေကတရားခံရှာဖို့ထက်အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။ အဲဒါကိုမကောင်းမြင် တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားနဲ့ပြဿနာကိုမကြီးကြီးအောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလိုလားအပ်ဘဲပွားသွားတာ၊ကြီးမားပြီးဖြေရှင်းရပိုပြီးခက်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သောကိစ္စ တွေမှာအပြုသဘောဝင်ရောက်ဖြေရှင်းပေးရာကနေ အဆင်ပြေချော့မွေ့သွားတာတွေလည်းအများကြီးရှိလို့နေပါတယ်။