လောကမှာရှင်သန်ရပ်တည်နေတြ့ ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့အပူမီးတွေကိုခံစားရမှာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရင်းနဲ့လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ အတူ ပတ်ဝန်းကျင်ကပေးတဲ့ ပူပင်သောကတွေကိုပါ ကျွန်တော်တို့ လူသားတွေအနေနဲ့အနည်းနဲ့အများဆိုသလိုခံစားတတ်ကြပါတယ်။ အဲဒီလိုခံစားတတ်တဲ့အသည်းနှလုံးရှိနေခြင်း ကြောင့်လည်းလူတွေရဲ့သမိုင်းကြောင်းမှာကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းခဲ့သလိုရင်နာစရာရင်နင့်စရာအဖြစ်ဆိုးတွေလည်းအများကြီးဖြစ်ပျက်ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲ က နာကျင်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့တခြားသောပယောဂတွေ ကိုမှတ်တေးပြီးအမုန်းမီးအာဃာတတွေ လောင်ကျွမ်းလို့ ကလဲ့ စားဆိုတဲ့မဆုံးတဲ့ သံသရာတစ်ခုရဲ့ ပူလောင်ခြင်းတွေကို စတင်ခဲ့ ကြသူတွေကလည်းအများကြီးရှိခဲ့ပါတယ်။
ရန်ကိုရန်ခြင်းတုန့် နှင်းခြင်းနဲ့ စစ်ပွဲတွေလည်းဒီကမ္ဘာမှာများခဲ့ပါပြီ။
ကိုယ့်ရင်ထဲမှာတောင် ကိုယ့်အပေါ်ပူလောင်စေမယ်ဆိုရင်အဲဒီအမုန်းတရားအာဃာတတွေနဲ့ သားစဉ်မြေးဆက် ဆက်လက် လောင်ကျွမ်းနေဦးမယ်ဆိုရင် အမုန်းတရားတွေရဲ့လောင်မြိုက်မှုနဲ့ ကမ္ဘာကြီးမှာလည်းအေးချမ်းမှုဆိုတာမရှိနိုင်တောပါဘူး။ ဒါကြောင့် ရင်ထဲကနာကျင်မှုတွေကိုတတ်နိုင်သမျှမေ့ထားလိုက်ပါ။ လူတိုင်းအပေါ် မှာမေတ္တာတရားကိုအခြေခံတဲ့စိတ်ထား ကိုမွေးမြူဆက်ဆံတတ်ပါစေ။ပြောသမျှဝေဖန်သံတွေ၊ အပြစ်တင်သံတွေကိုအပြု သဘောအနေနဲ့ ခံယူတတ်ပါစေ။ ဒါတွေကတော့ နာကျင်မှုကိုတနည်းတဖုံပြောင်းလဲစေနိုင်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။