သူငယ်ချင်း ဆိုတာ ကျွန်တော်တို့ဘဝမှာဒုတိယမိသားစုဝင်တွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ သူငယ်ချင်း တွေ အများကြီးရှိတာထက် ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး ဘေးမှာ ဘဝရဲ့အနိမ့်အမြင့်အတက်အကျ အလိုက်အမြဲအတူ ရှိနေ နိုင်တဲ့ သူငယ်ချင်းကောင်းတွေအချို့ ရှိရင်ပဲကံကောင်းတယ်လို့ ပြောလို့ ရပါပြီ။ အောင်မြင်ချိန်မှာ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲဝမ်းသာဂုဏ်ယူပေးနိုင်သူ ၊ လဲပြိုချိန်မှာ ကမ်းပေးမယ့် လက်စုံဖြစ်နိုင်သူတွေသာလျှင်ဘယ်တော့မှ အဆုံးအရှုံးမခံသင့်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။
သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ရဖို့ကလည်း နည်းနည်းတော့ ခက်သားပါ။အချို့က သင့်အနားမှာ အတုအယောင် မျက်နှာဖုံးတွေနဲ့ ရှိနေတက်တဲ့ သူငယ်ချင်းတွေလည်းအများကြီး ရှိပါတယ်။ အရေးကြီးတာကတော့ သူငယ်ချင်း ဆက်ဆံရေးဖြစ်ဖြစ် ၊ မိသားစု ဆက်ဆံရေးဖြစ်ဖြစ်၊ သမီးရည်းစားဆက်ဆံရေးဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်အပြန်အလှန် လေးစားမှုကိုနားလည် တန်ဖိုးထားပြီး ပေါင်းကြဖို့ပါ။ အကယ်က အပြန်အလှန် လေးစားမှု မရှိရင်အဲ့ဒီဆက်ဆံရေးဟာ အနှေးနဲ့အမြန် နိဂုံးချုပ်သွားနိုင် ပါတယ်။