Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • မောင်ဒေး - ဒီပရက်ရှင်
    စံပယ်တွေဟာ သိပ်ကို စိတ်လှုပ်ရှားလွယ်ကြတယ်
    ဒါတောင် အင်္ဂတေနံရံကြီးကို ကွယ်ပြီး သူတို့ ပွင့်နေကြတာ
    ငါဟာ သင်ယူတဲ့ တိတ်ဆိတ်မှုပဲ၊ ငါ့ရဲ့ လက်တွေက ငါ့ရဲ့ ခုတင်ကို
    တိုးတိုးကလေး လိမ်ညာနေခဲ့တယ်၊ ငါဟာ ဘယ်သူမှမဟုတ်တဲ့ လူအားလုံးပဲ
    ပေါက်ကွဲမှုတွေနဲ့ ငါ့ရဲ့ ကြားမှာ ပတ်သက်မှုတစ်စုံတစ်ရာ မရှိပါဘူး
    ငါ့ရဲ့ နာမည်ကို အင်္ကျီတွေဆီ ပေးခဲ့ပြီး ငါ့ရဲ့ သမိုင်းကို လမ်းဘေးမှာ ပုံထားခဲ့မယ်
    တကယ်ဆို ငါဟာ မေ့ဆေးဆရာဝန်ပဲ၊ ငါ့ရဲ့ မျက်ခွံတွေက ပွင့်ဖတ်နှစ်ခုလို
    ခပ်ဟဟကလေး ဖြစ်နေဆဲဆိုရင်တော့ ငါဟာ နာကျင်ရတော့မှာ အသေအချာပဲ
    ဈေးလာဝယ်တဲ့ လူတွေက ငါရှေ့ကနေ ဖြတ်လျှောက်သွားကြတယ်
    သူတို့အတွက်တော့ ငါဟာ စွန်တစ်ကောင်ပဲ၊ လေထဲမှာ ကြိုးကြီးတန်းလန်းနဲ့ပေါ့
    ခေါင်းအုံးအမည်းကြီးကို ငါ ဝယ်လာပြီး အိပ်မက်အမည်းတွေ မက်ပစ်လိုက်တယ်
    စံပယ်တွေဟာ လေထုကို သိပ်နာကျင်စေတာပဲ၊ ငါ့ အရေပြားပေါ်က
    သွေးဆို့နေတဲ့ သံချိတ်ကလေးတွေဟာ သူတို့ရဲ့ ရနံ့တွေပေါ့ ပြတင်းတံခါးတွေဟာ ငါ့ဆီကနေ ထွက်သွားကြမယ် ထင်ပါတယ် ငါ့ကိုငါ ရယ်စရာ အရုပ်တစ်ခုအဖြစ် အသွင်ယူပြီး လောင်မီးတိုက်လိုက်ချင်ရဲ့
    ဆေလ်ဗီယာပလာ့သ်က စံပယ်တွေကို အောက်စီဂျင်ဆိုပြီး စားပြတယ်
    သူ့ခေါင်းမှာလည်း စံပယ်တွေ ဝေလို့ပေါ့လေ၊ ဆူဆိုက် ညနေခင်းဟာ
    အရောင်တွေ အလွန်အမင်း လှပနေတာပေါ့
    နံရံတွေဟာ သူတို့ကိုယ်သူတို့ ဘယ်လို နွေးအောင် ထားရမယ်ဆိုတာ မသိဘူး
    စံပယ်တွေဟာ ငါတို့ရဲ့ စိတ်ကူးထဲက သတ္တဝါဆိုးကြီးရဲ့ အစွယ်တွေပါပဲ
    ငါဟာ ငါ့နှလုံးသားကို ပြန်မသိတော့ဘူး၊ ငါ့ရဲ့ နှလုံးသား ဆိုတာကလည်း
    အာဠာဝကရဲ့ ပါးစပ်ကြီးလို ဖွင့်လိုက်ပိတ်လိုက်ပါပဲ
    ငါ့ရဲ့ ပါးစပ်ထဲက ရေဟာ တမာလိုပဲ ခါးတယ်၊ စေးကပ်တယ်
    ပြီးတော့ အော်သံတစ်ခုလို ငါနဲ့အနီးဆုံး အရပ်ဒေသတစ်ခုကနေ လာပါတယ်
    - မောင်ဒေး
    3 min
  • ဆူးနွယ် - ဆယ်လ်မွန်မယောနိစ်ဆလပ်*
    ကျွန်မညီမလေး အဖေ့ခေါင်းထဲက ဖောက်ထွက်လာတော့ ဟက်တက်ကွဲနေတဲ့ခေါင်းကို ကျွန်မပဲ ချုပ်ပေး၊ ပတ်တီးစည်းပေးခဲ့တာ။ အဖေ့မျက်လုံးတွေဟာ ပိုးစုန်းကြူးတွေပဲ။ ပြီးတော့ မီးခိုးရောင်၊ စကားပြောတတ်တဲ့ အရောင်တစ်မျိုးပဲလေ။ ထူးဆန်းတယ်လို့ စဉ်းစားမိပေမယ့် နောက်တော့ ကျွန်မ မီးခိုးရောင်ကို တွယ်တာလာမိပါတယ်။ ညီမလေးဟာ ဆယ်လ်မွန်ရေဆေးငါးကြီးမဖြစ်သေးခင်မှာပဲ အဖေ့အတွက် ကြောင်စာပေါ့။ အဖေဟာ ဓာတ်ပုံထဲမှာတော့ တိုက်ပုံအင်္ကျီနဲ့ အခန့်သားလို့ တွေးမိနေတာ။ တိုက်ပုံအင်္ကျီနဲ့ မြေစာပုံဟာ တသားတည်းဖြစ်နေရမယ်ဆိုပဲ။ ဒီတော့ မိုးတွေဆက်တိုက်သည်းနေတဲ့ အဖေ့တိုက်ပုံပေါ်မှာ ကျွန်မ တစ်ဘဝလုံး ငုံခဲထားရတဲ့ အသားတစ်တွေ အန်ချပစ်ခဲ့တယ်။ အထွေအထူးမဟုတ်ပါဘူး၊ ဒါတွေက သူ့ကြောင်လေးကို အဖေနယ်ကျွေးနေကျ ဆယ်လ်မွန်အသားမျှင်တွေပဲလေ။ ကျွန်မ ဟင်းချက်နေပြီဆို ကွတ်ကင်းဝိုင်တစ်ပုလင်းနဲ့ အဖေရောက်လာပြီ။ ဆီဦးထောပတ်ကို သူ့မျိုးပွားအင်္ဂါတွေအတွက် ဖယ်ထားပြီးမှ ကျွန်မကို မယောနိစ်ဆလပ်တွေ ကျွေးတာပါပဲ။ နောက်တော့ အဖေက ကျွန်မကို စိတ်မဝင်စားတော့ဘူး၊ သူ့ကြောင်လေးအတွက် ညီမလေး ရာသီမှန်မှန်လာပေးရဲ့လားဆိုတာပဲ စိတ်ရောက်နေတော့တယ်။ ကျွန်မဟာ သားပေါက်မလာတော့မယ့် ငှက်တစ်ကောင်ရဲ့ ဥပဲ။ အဖေမသေခင်မှာပဲ အဖေ့ရဲ့ မီးခိုးရောင်မျက်လုံးတွေ အမွေဆက်ခံလိုက်ရတယ်။ ညီမလေးမှာ အပိုပါလာတဲ့ မျက်လုံးတစ်လုံးဟာ အဖေ့မျက်လုံးပါလို့ ဆိုတော့ အဖေက ဇွတ်ငြင်းတာပဲ။ ကျွန်မ ဘာပြန်ပြောရမလဲ မသိဘူး။ ကျွန်မသာ အဖေ့သမီးမဟုတ်ဘဲ အဖေ့ ဦးခေါင်းခွံထဲက ထွက်လာမယ့် မြက်တစ်ပင်ဆို ဘယ်လောက်ကောင်းမလဲ။ အခုတော့ အဖေဟာ အိမ်ပြန်မလာတော့ဘဲ မိန်းမတကာရဲ့ ခြံတံခါးဝမှာ သူ့ကြောင်လေးကို မွေးစားပေးဖို့ လိုက်ပြောနေပြီ။ ကျွန်မပေါင်မုန့်တွေဟာ အေးစက်စက်၊ မယောနိစ်ဆလပ်ဟာ နွမ်းဖတ်ဖတ်နဲ့ပေါ့။ ညညဆိုရင် ပိုသည်းလာတတ်တဲ့ မိုးရေတွေကြောင့် မြေစာပုံဟာ နဂိုထက် ပိုကျစ်လာတာမို့ ကျွန်မတော့ဖြင့် အဲ့ဒီမြေစာပုံပေါ်မှာ မြက်ပင်တစ်ပင် အမြန်ထွက်လာမယ့်အချိန်ပဲ စောင့်ဆိုင်းနေရတော့တယ်။
    *salmon mayonnaise salad
    ဆူးနွယ်
    3 min
  • အောင်ခင်မြင့် - ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ်
    အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။
    သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက
    သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။
    ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့
    ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။
    သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့
    ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။
    ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။
    အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။
    ရုပ်ထုတွေရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေပေါ်ကို
    အပ်ချွန်တွေလို မိုးစက်တွေတပေါက်ပေါက်ကျနေတယ်။
    အလင်းဟာ ကမ္ဘာနဲ့ မထိုက်တန်သလို ရုတ်သိမ်းခံရ
    အိန်ဂျယ်တွေရဲ့ တောင်ပံတွေမှာ ဖားဥတွေစွဲကုန်တယ်။
    ပြည်သူလူထုရဲ့ ဟနေတဲ့ ပါးစပ်ပေါက်တွေထဲ
    နောက်ဖေးလမ်းကြားက ချီးရေတွေ တရဟောဝင်ခဲ့ပေါ့။
    လူတွေရဲ့ဒွါရတွေထဲ လိင်မှုပြုဖို့ ရေဆိုးတွေ စီးဝင်လာခဲ့ပေါ့။
    အချစ်ရေ အပြင်မှာ မိုးတွေသည်းနေတယ်။
    ကိုယ်တို့အတွင်းက သံနဲ့လုပ်ထားတဲ့ အမုန်းတရားတွေ
    တဖြည်းဖြည်း အရည်ပျော်တဲ့အထိ မိုးတွေရွာနေတယ်။
    ဆင်းရဲမှုဟာ တလိပ်လိပ်တက်လာတဲ့ တိမ်မည်းတွေ
    သေပွဲဝင်သူများလို ကလေးတွေ မိုးရေထဲ ပြေးထွက်လာခဲ့။
    မိုးရေအောက်မှာ ဆောက်လက်စကွန်ဒိုတိုက်ကြီးတွေ
    မိုးကြိုးပစ်ခံရတဲ့ ဒိုင်နိုဆောတွေလို နာကျင်အော်ဟစ်လို့။
    အချစ်ရေ မျက်စိတွေကိုမှိတ်ထားပါ မိုးသံကို ခံစားပါ
    စိုစွတ်တဲ့ ကိုယ့်အနမ်းတွေကို နုံးခွေသွားတဲ့အထိ ခံယူပါ။
    ကိုယ်တို့မျက်ခွံပေါ် အမြုံကာလရဲ့သွေးတွေ ရွာကျနေခဲ့ပေါ့။
    မာကွန်ဒိုမှာ ရွာတဲ့မိုးလို
    အုတ်ဂူထဲက မြည်နေတဲ့ဖုန်းလို
    ကျည်ဆန်တွေနဲ့ ရေးတဲ့ကျမ်းစာလို
    မြေအောက်ခန်းရဲ့တေးလို
    ဌက်သေရဲ့ အတောင်တဖျပ်ဖျပ်လို
    ဖာသည်မရဲ့ ညည်းသံလို
    သူတော်စင်တစ်ပါး ခေါင်းခါသလို
    အမှောင်စိတ်ရဲ့ကဗျာလို
    ရန်ကုန်မှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေပြီ အချစ်။
    အောင်ခင်မြင့်
    3 min
  • မောင်ဒေး - အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ
    **အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ**
    ရခိုင်ကမ်းရိုးတန်း အဖျားက ကျောက်ဂူတစ်လုံးရဲ့အထဲမှာ အမြဲလင်းနေတဲ့မီးဆိုင်းကြီးတစ်ခုရှိပါတယ်
    နံရံပေါ်မှာ ပြေးလွှားနေတဲ့ အလင်းဝါဝါ အကွက်ငယ်လေးတွေဟာ
    တို့နှစ်ယောက်ရဲ့ နှမ်းစေ့ငယ်တွေ ပုစွန်ဆိတ်ကလေးတွေနဲ့ ရေညှိတွေအကြောင်းကို
    ၎င်းတို့ရဲ့အထဲမှာ မှတ်တမ်းတင်ထားကြတယ် ကမ်းရိုးတန်းတစ်နေရာက ဟိုတယ်ကိုရောက်တော့
    မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့ တံကောက်ခွက်ထဲ ထည့်ကြည့်တယ်
    ငါက မင်းကိုကိန်းဂဏန်းတွေ ပေါင်းပြတယ်
    ကမ္ဘာပျက်မယ့် ရက်ကို တွက်ပြတယ်
    အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုး​ပြီး ကြိုးစား တည်ဆောက်ရလေလေ
    ငါမင်းကို ပိုချစ်လာလေလေပဲ
    မင်းတွယ်တာချင်တွယ်တာ ဒါမှမဟုတ် မင်းရဲ့တံကောက်ခွက်ပိုင်ရှင်ကို ငါတွယ်တာရမှာပေါ့
    ရွေးချယ်စရာ နည်းပါးလိုက်ပုံများ
    ငါ့ရဲ့ ခြေထောက်နှစ်ဖက်က မင်းရဲ့ခါးကို ညှပ်ပြီး သိုင်းထားတယ်ဆိုတာက
    အဲဒီခြေထောက်တွေအနေနဲ့ အဲဒီနေရာမှာ ရှိကိုရှိနေရမှာမို့ပါပဲ
    ရှုခင်းသာဆိုပြီး အမည်ပေး သတ်မှတ်ထားတဲ့ နေရာတွေက တစ်ကွေ့ ကွေ့လိုက်တိုင်း ပေါ်ထွက်လာကြတယ်
    ကားလမ်းရဲ့ အထက်တည့်တည့်မှာ ငါတို့ဝါးဖောင်စီးပြီး မျောကြတယ်
    အချိုမှုန့်တွေ အသားကုန် သုံးတဲ့ စားသောက်ဆိုင်တွေ ဘာအကြောင်းတွေးလဲ
    နယ်စပ်ကိုနေ့စဥ် ဖြတ်ကူးနေတဲ့ မော်တော်ကားတွေ ဘာအကြောင်းတွေးလဲ
    မင်းအကြောင်းပဲပေါ့
    မင်းအကြောင်းကို တွေးဖို့ သူတို့တွေးတာပေါ့
    ကြက်သွန်ဥကြီးတစ်လုံးနဲ့ တူတဲ့ခေတ်ကြီးရဲ့ အလွှာတွေထဲမှာ ငါ့ရဲ့တင်ပါးအထက်က ချိုင့်ခွက်ကလေးထဲမင်းကို ပေးဝင်မှာပေါ့
    ကမ်းရိုးတန်းကြီးကို တို့ ဘယ်နားမှာထားခဲ့မလဲ
    -မောင်ဒေး-
    2 min
  • သကောင့်သား - ဒေါ်လီ ဆိုတဲ့ကဗျာ ဖတ်ပြီးပြီလား
    ဒေါ်လီ ဆိုတဲ့ ကဗျာ ဖတ်ပြီးပြီလား
    =======================
    အဲဒီ ကဗျာဖတ်ပြီးပြီလား
    တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကဗျာပဲ
    ကလေးမလေး ၁ ယောက်နဲ့ သူ့အရုပ်မလေးအကြောင်းရေးထားတာလေ
    ကလေးမလေး မှာ ကင်ဆာရောဂါရှိသတဲ့
    အဲဒါကို အရုပ်မက ပြောပြတာတဲ့
    အရုပ်မ စကားမပြောတဲ့နေ့တွေဆို ကလေးမလေးက အရုပ်မ ရဲ့ မျက်လုံးကို အပ် နဲ့ထိုးတာတဲ့
    ကလေးမလေး ရဲ့ အမေကလဲ ကင်ဆာနဲ့ပဲ ဆုံးတာတဲ့
    မဆုံးခင်မှာလဲ ဆံပင်တွေ အရမ်း ကျွတ်တာပဲတဲ့
    ကျွတ်တဲ့ဆံပင်တွေကို ကလေးမလေးက လုံးထွေးပြီး အရုပ်မရဲ့ ခေါင်းပေါ်မှာ ကပ်ပေးထားတာတဲ့
    ကလေးမလေးက တခြားကလေးတွေလို အရုပ်နဲ့ ဖက် မအိပ်ဘူးတဲ့
    သူ့အမေ မသေခင် ချိတ်ပေးသွားတဲ့ dream catcher ကတန်းလန်းကျနေတဲ့ ကြိုးနဲ့ အရုပ်မ ရဲ့ လည်ပင်းကို ချည်ပေးပြီးမှ တွဲလောင်းကျနေတဲ့ အရုပ်မကို ဘယ်ညာ လွှဲပြီးမှသိပ်တာတဲ့
    ကလေးမလေး ရဲ့ အဖေကလဲ မရှိတော့ဘူးတဲ့
    အမေလုပ်သူ ဆုံးပြီး သိပ်မကြာတဲ့ ည ၁ ညမှာပဲ မူးမူးနဲ့ ကလေးမလေး ရဲ့အရုပ်ကို သူ့အိပ်ခန်းထဲ ယူသွားတဲ့ အချိန်ကစပြီး ပျောက်သွားတော့တာလို့ပြောတယ်
    ပြန်ရောက်လာတဲ့အရုပ်မ ကတော့ တစ်ကိုယ်လုံး ဘာတွေမှန်းမသိ ပေလို့ ကျံလို့တဲ့
    ပေကျံနေတဲ့ သူ့အရုပ်မကို မြင်တော့ ကလေးမလေး က အရုပ်မ တစ်ကိုယ်လုံးကို လျှာ နဲ့ လျက်ပြီး သန့်စင်ပေးသတဲ့
    ကလေးမလေး မှာ စာအုပ် ၁ အုပ် ရှိပြီးသူ နဲ့ သူ့အရုပ်မ က တစ်ယောက် တစ်လှည့် ဆွဲကြ ရေးကြသတဲ့
    ကလေးမလေး မွေးနေ့ဖယောင်းတိုင် မှုတ်ရင်း ဆံပင်မီးစွဲ သွားလို့ တစ်ကိုယ်လုံးမီးလောင်သွားတဲ့ပုံကို အရုပ်မကဆွဲသတဲ့
    သစ်ပင်ကြီး တစ်ပင်မှာ အရုပ်မရဲ့ ခေါင်း ကိုယ်လုံး ခြေတွေ လက်တွေ တစဆီ သံနဲ့ ရိုက်ပြီး ကပ်ထားတဲ့ ပုံကို ကလေးမလေး ကဆွဲသတဲ့
    ပျောက်သွားတဲ့အဖေရယ်/ဆံပင်တွေမရှိတော့တဲ့ သေသွားတဲ့ အမေရယ်/ကင်ဆာရောဂါသယ် ကလေးမလေးရယ်/ သေသွားတဲ့ အမေရဲ့ ဆံပင်တွေနဲ့ လှချင်တိုင်းလှနေတဲ့ အရုပ်မရယ်
    လက်တွေကို ပျော်ပျော်ပါးပါး တွဲလို့ ချောက်ထဲ ခုန်ချ သွားတဲ့ ပုံ ကိုတော့ ဘယ်သူ ဆွဲသွားမှန်းမသိရဘူး
    ပုံအောက်မှာရေးထားတာတော့
    ဒေါ်လီဆိုတဲ့ကဗျာ ဖတ်အပြီးတွင် တဲ့
    #သကောင့်သား
    [ ကဗျာရေးတဲ့ ခုနှစ်က ၂၀၁၄၊ ၁၅ ဝန်းကျင်လို့ ခန့်မှန်းရ။ အခုချိန်မှာ ကဗျာဆရာ သကောင့်သားနဲ့ နိုင်ငံတစ်ဝှမ်းက တခြား ကဗျာဆရာ၊ ဆရာမ အချို့ဟာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထားခြင်း ခံနေရဆဲ ဖြစ်ပါတယ်]
    4 min
  • အေးချမ်း၊ရင်ခွင်ရှိန်း - ကိုယ်ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား
    အခုတလော ဒီလိုကာလကြီးထဲမှာ ကျနော်ရွေးပြီး အထပ်ထပ်ဖတ်ဖြစ်တဲ့ထဲက ကြိုက်မိတဲ့ ကဗျာတွေထဲက တပုဒ်ပါ
    ကျနော် ရောက်ရာအရပ်ကနေ အဆင်ပြေအောင် အတတ်နိုင်ဆုံး အသံသွင်းထားပါတယ်
    နောက်ထပ်ရွတ်ဖြစ်မယ့် ကဗျာတွေလည်း ရှိပါသေးတယ်
    အခုတော့ နားဆင်ကြည့်ကြပါဦး ..
    9 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.