အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။
သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက
သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။
ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့
ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။
သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့
ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။
ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။
အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။
ရုပ်ထုတွေရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေပေါ်ကို
အပ်ချွန်တွေလို မိုးစက်တွေတပေါက်ပေါက်ကျနေတယ်။
အလင်းဟာ ကမ္ဘာနဲ့ မထိုက်တန်သလို ရုတ်သိမ်းခံရ
အိန်ဂျယ်တွေရဲ့ တောင်ပံတွေမှာ ဖားဥတွေစွဲကုန်တယ်။
ပြည်သူလူထုရဲ့ ဟနေတဲ့ ပါးစပ်ပေါက်တွေထဲ
နောက်ဖေးလမ်းကြားက ချီးရေတွေ တရဟောဝင်ခဲ့ပေါ့။
လူတွေရဲ့ဒွါရတွေထဲ လိင်မှုပြုဖို့ ရေဆိုးတွေ စီးဝင်လာခဲ့ပေါ့။
အချစ်ရေ အပြင်မှာ မိုးတွေသည်းနေတယ်။
ကိုယ်တို့အတွင်းက သံနဲ့လုပ်ထားတဲ့ အမုန်းတရားတွေ
တဖြည်းဖြည်း အရည်ပျော်တဲ့အထိ မိုးတွေရွာနေတယ်။
ဆင်းရဲမှုဟာ တလိပ်လိပ်တက်လာတဲ့ တိမ်မည်းတွေ
သေပွဲဝင်သူများလို ကလေးတွေ မိုးရေထဲ ပြေးထွက်လာခဲ့။
မိုးရေအောက်မှာ ဆောက်လက်စကွန်ဒိုတိုက်ကြီးတွေ
မိုးကြိုးပစ်ခံရတဲ့ ဒိုင်နိုဆောတွေလို နာကျင်အော်ဟစ်လို့။
အချစ်ရေ မျက်စိတွေကိုမှိတ်ထားပါ မိုးသံကို ခံစားပါ
စိုစွတ်တဲ့ ကိုယ့်အနမ်းတွေကို နုံးခွေသွားတဲ့အထိ ခံယူပါ။
ကိုယ်တို့မျက်ခွံပေါ် အမြုံကာလရဲ့သွေးတွေ ရွာကျနေခဲ့ပေါ့။
မာကွန်ဒိုမှာ ရွာတဲ့မိုးလို
အုတ်ဂူထဲက မြည်နေတဲ့ဖုန်းလို
ကျည်ဆန်တွေနဲ့ ရေးတဲ့ကျမ်းစာလို
မြေအောက်ခန်းရဲ့တေးလို
ဌက်သေရဲ့ အတောင်တဖျပ်ဖျပ်လို
ဖာသည်မရဲ့ ညည်းသံလို
သူတော်စင်တစ်ပါး ခေါင်းခါသလို
အမှောင်စိတ်ရဲ့ကဗျာလို
ရန်ကုန်မှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေပြီ အချစ်။
အောင်ခင်မြင့်