Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • လှသန်း - မင်းတစ်ယောက်တည်းမဟုတ်ဘူး
    မင်းတစ်ယောက်တည်းမဟုတ်ဘူး
    လှသန်း
    _
    လောကထောင့်ကျဉ်းထဲမှာ
    ခံတွင်းပျက်နေပြီလား
    - မင်းတစ်ယောက်တည်းမဟုတ်ဘူး
    လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။
    တစ်ဘဝတည်းမှာပဲ
    နှစ်ဘဝစာလောက် ဒုက္ခခံခဲ့ရသမို့
    - မင်းတစ်ယောက်တည်း မဟုတ်ဘူး
    အရှေ့တောင်အာရှက တရားမဝင်အလုပ်သမားတစ်ယောက်ကပြောတယ်။
    နာကျည်းခံပြင်းမှုတွေကို
    အတိအလင်းဖော်ပြရရင်
    - မင်းတစ်ယောက်တည်း မဟုတ်ဘူး
    အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။
    လူလိုမနေရတာ ကြာတော့
    လူစိတ်ကလဲ ပျောက်လုလု
    - မင်းတစ်ယောက်တည်းမဟုတ်ဘူး
    အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။
    ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
    ခေတ်ကြီး တစ်ခုလုံးပါတယ်
    ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
    နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေ့ါ
    ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်
    ဂျာကာတာက ဖင်ရှင် ကဖေးမှာလား
    ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
    တိုကျိုက ဆိုင်ဘာကဖေးမှာလား
    ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား
    ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့
    အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့
    ယဇ်ပလ္လင်ပေါ်ကို
    ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
    - မင်းတစ်ယောက်တည်း မဟုတ်ဘူး
    နေ့စဉ်နဲ့အမျှ
    ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ်
    - မင်းတစ်ယောက်တည်း မဟုတ်ဘူး
    သွေးစသွေးနနဲ့တူတဲ့
    စိန်ပန်းပွင့်တွေက ထ အော်တယ်
    - မင်းတစ်ယောက်တည်း မဟုတ်ဘူး
    မဝေးတော့တဲ့ နွေဦးအတွက်
    စုဘူးကို ဖောက်လိုက်ပါတော့
    မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ။
    _
    #လှသန်း
    2 min
  • ဆူးနွယ် - ပန်းသီးပုံ ခေါင်းလောင်းနဲ့ ခေါင်းလောင်းပုံ မျက်နှာဟာ မမရေချယ်
    ကျောက်ခေတ်က လက်နက်ကြမ်းတွေသုံးပြီး မမရေချယ်ကို တိမ်သားနဲ့ ထုဆစ်
    ရေဆူမှတ်အလွန် ၂၀၆ဒီဂရီခန့်မှာ အရည်ပျော်ကျလာမယ့် တိမ်ဟာ ဓာတ်ပေါင်းဖို အမှတ်၃မှာ တန့်နေ
    မမရေချယ်ဟာ စတုတ္ထမြောက် ထောင့်ကျဉ်းတြိဂံရဲ့ အနားသတ်မျဉ်းတွေပေါ် စင်္ကြံလျှောက်တတ်
    အံဆွဲ ဘယ်ဘက်ထောင့်နား ကပ်ထားတတ်တဲ့ ပူရှိန်း တရုတ်ပီကေတွေဟာ မမရေချယ်ရဲ့ သင်္ကေတပဲ
    သိပ္ပံခန်းထဲက ကုတ်အဖြူဝတ် ဒြပ်စင်နဲ့ ချိန်ခွင်လျှာ၊ ယူရေနီယံနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ လက်နှိပ်စက်နဲ့ မိုးပြာရောင်ခေါက်ထီး၊ ကွီနိုင်နဲ့ အက်စ်ပရင်ဟာ အတွဲလိုက် နောက်ပြီး မမရေချယ်နဲ့ သဘာဝလွန်အိပ်မက်တွေလေ
    လူတွေသေရင် သူတို့ဝိညာဉ်တွေကို ကာလအပိုင်းအခြားတွေ အနံ့တွေနဲ့ မှတ်ထားသလိုမျိုးဆို
    တောင်ကြားလမ်းဆီက စက်တင်ဘာလေထုနဲ့ ပက်ပါးမင့်နံ့ဟာ မမရေချယ်ပေါ့
    ပန်းသီးပေါင်မုန့်နဲ့ ဆိုဒါဟာ ရေချယ့်အတွက် နေ့စဉ်မနက်စာပဲလို့ ပြောတယ်
    ဂျယ်ရီကိုမြို့ဟောင်းမှာ နေထိုင်တဲ့ သမိုင်းဝင် ဆောင်ဓားရှည်တွေရဲ့ တစုတစည်းတည်း အိမ်ထဲက
    တကွဲတပြား ပေါင်မုန့်ဖိုတွေနဲ့ ဒလိမ့်တုံးပေါ်က ဓားခုတ်ရာကြီးကို သတိပြုဖို့တော့ လိုမယ်
    ညညဆို မမရေချယ်ရဲ့ ပိုးဂါဝန်ပျော့နဲ့ နွယ်ပင်တွေဟာ ရစ်နှောင်လေ့ရှိ
    ရေချယ်ရေ ဒီနေ့ စေတန်ဂြိုလ်မှာလည်း လဆန်း ၃ရက်ပဲ
    ပိုးတောင်မာရဲ့ ခြေချောင်းတွေမှာ ဂျုံမှုန့်တွေလူးနေတာ တွေ့တယ်
    ရေချယ့်မျက်နှာတခြမ်းက ရေထဲမှာ လဲနေ၊ ကျန်တဝက်က လင့်စင်ထက်မှာ နစ်နေ
    ဘယ်အချိန်မေးမေး ခလောက်မြည်သံသာလျှင် နာပျော်ဖွယ်အရှိဆုံး ထင်တာပဲ
    ပန်းသီးပုံ ခေါင်းလောင်းနဲ့ ခေါင်းလောင်းပုံ မျက်နှာဟာ မမရေချယ်သာ ဖြစ်တယ်
    ဆူးနွယ်
    20.9.2020
    (မမရေချယ်: တင်မောင်မြင့်ဘာသာပြန် ဝတ္ထုနှင့် ဇာတ်ကောင်အမည်)
    3 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.