Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • ဝင်းမြင့် - အစပ်
    ဟိုစပ်စပ် ဒီစပ်စပ်
    ဘာမှ ဟုတ်တိပတ်တိ ဖြစ်ထွန်းပေါက်မြောက်အောင် မလုပ်ဘူး
    အဖေ၊ ကျွန်တော် ကဗျာစပ်နေပါတယ်၊ ဆေးစပ်နေပါတယ်၊
    အရောင်တွေ စပ်နေပါတယ်၊ သီချင်းတွေ စပ်နေပါတယ်၊
    စပ်တာမှ ရှူးရှူးရှဲရှဲမြည်အောင် စပ်ချင်တာပါ၊
    စပ်တာတော့ စပ်တာပေါ့၊ ဒါပေမဲ့ မင်းစပ်တဲ့အစပ်က
    သူများပါးစပ်ထဲ၊ လျှာထဲ စွဲသွားအောင်စပ်တဲ့ အစပ်မျိုးလား
    မင်းတစ်ယောက်တည်းစပ်နေရုံနဲ့ ပြီးမလား
    သူတို့ စပ်စပ် မစပ်စပ် အဓိကမဟုတ်ဘူးမဟုတ်လား၊
    ကျွန်တော် စပ်နေမှ တစ်နေ့နေ့ သူတို့လည်း စပ်လာမှာပါ
    အခုဆို အဖေ ကျွန်တော့်ကို စပ်နေပြီ
    ကျွန်တော်ကလည်း အဖေ့ကို စပ်နေပြီ
    အဖေနဲ့ ကျွန်တော် စပ်နေတော့ နောက် ကျွန်တော်တို့မိသားစု
    အိမ်နီးနားဝန်းကျင်တွေ စပ်လာမှာပေါ့
    တစ်မြို့နယ်လုံးစပ်ဖို့အတွက် ကျွန်တော် အရင်စပ်ပြမယ်
    ပြီးရင် အဖေ လိုက်စပ်မလား၊ ဒါဆို အဆင်ပြေမှာပါ၊
    မင်းစပ်တာ ငါ ဘယ်လိုသိမှာလဲ စပ်တာကို ရေးပြစမ်း
    စပ်တာကို ဆွဲပြစမ်း စပ်တာကို တီးပြစမ်း
    စပ်တာကို မင်း ပုံဖော်နိုင်တဲ့တစ်နေ့ အဖေတစ်ယောက်အနေနဲ့
    မင်းကို အထင်ကြီးမယ်
    မစပ်မချင်းတော့ မင်းတစ်ယောက်တည်း ဘယ်လောက်စပ်စပ် ငါ မစပ်ဘူး
    ငါမစပ်တော့ မင်းအမေလည်း မစပ်ဘူး
    မင်းအမေမစပ်တော့ မင်းရဲ့မောင်နှမတွေလည်း မစပ်ဘူး
    တစ်ကမ္ဘာလုံးစပ်ဖို့တော့ ဝေလာဝေး
    ဘယ်သူမှ အလုပ်မအားကြဘူး၊ မင်းလို မစပ်အားဘူး၊
    ဒါဆိုလည်း မစပ်ကြနဲ့ အဖေရယ်
    ကျွန်တော်ဘာသာတစ်ယောက်တည်း ဟိုစပ်စပ် ဒီစပ်စပ်
    အတောမသတ်အောင် စပ်တော့မယ်
    စပ်ရင်းစပ်ရင်းနဲ့ တစ်နေ့နေ့ သူတို့စပ်လာကြမှာပါ
    စပ်လာကြပါစေ၊ မစပ်လည်း ပြဿနာမရှိပါဘူး
    စပ်တယ်လို့ပြောရင်း သူတို့စပ်တာကို သိကြတော့ စပ်မှာပါ။ ။
    .
    ဝင်းမြင့်
    2 min
  • ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့်
    ထီးတစ်လက်ကို ကောက်ကိုင်ပြီး မိုးထဲလေထဲ ပြေးဆင်းသွားတဲ့ ကောင်မလေးနောက်ကို ပြေးလိုက်တယ်။ ချက်ချင်းပဲ ဆောင်း ရောက်သွားတယ်။ နောက်တစ်ခါ မျက်စိဖွင့်ကြည့်တော့ သူချစ်တဲ့ ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ကိုယ် အားပေးတဲ့ အသင်း ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ လက်နှစ်ဖက်ကို နောက်ပစ်ထားခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန် အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်း သိတာပေါ့။ ဘဝနဲ့ ရင်းပြီး စီးခဲ့တဲ့ ဘတ်စ်ကားက အစ သူ့အပေါ် သစ္စာမရှိတော့တဲ့ နေ့ရက်တွေပါလေ။ ဟေး ... ဘယ်သူဘယ်ဝါ ..။ တောတောင်ရေမြေအထပ်ထပ်ကို ကျော်ဖြတ်ပြီး ချစ်ရသူရဲ့ နာရီဒိုင်ခွက်ထဲ အထိ အရောက်လာခဲ့မယ်။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို ခပ်ညံ့ညံ့ ဇာတ်ဆောင်တစ်ယောက်လို ဖြတ်သန်းနေရသူပါ။ ပထမ တစ်ခါ မျက်စိဖွင့်ကြည့်တုန်းက သူချစ်တဲ့ ကောင်မလေးဟာ ရုတ်တရက် အသက်တွေ အရမ်းကြီးလာပြီး ငယ်သေးတဲ့ သူ့ကို ထားခဲ့တာလေ။ ခလုတ်တိုက်မိတဲ့ အိမ်ပြန်လမ်းမတွေကပဲ သူ့ကို အိမ်မပြန်ဖြစ်အောင် ချော့ခေါ် မျှားခေါ် ဖမ်းခေါ်သွားတာ။ "ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ " အဲဒီစာသားကို စက္ကူလေယာဉ်ပျံပေါ် ရေးနေတုန်း တစ်ဝက်မှာ ဆော့ပင် မှင်ကုန်သွားတာပေါ့။ ကံတွေဆိုးပြီဆို ကောက်ရတဲ့ ကလေးဂေါ်လီက အစ တခြမ်းပဲ့ နေတာမျိုးပေါ့။ နောင်နှစ်ပေါင်းများစွာ အကြာ ကားအကောင်းစားကြီးပေါ် ထိုင်ပါသွားတဲ့ သူငယ်ချင်းက အခု ကားမှတ်တိုင်မှာ မတ်တပ်ရပ်နေတဲ့ သူ့ကို မမြင်ချင်ယောင်ဆောင်မှန်း သိသာအောင် မမြင်ချင်ယောင် ဆောင်သွားတယ်။ ဇင်မောင်ကျော်ကိုကိုသန့်လည်း နာကျင်မှန်းသိသာအောင် နာကျင်ရတာပါပဲ။ ဘဝသရုပ်ဖော် ရုပ်ရှင်ဝတ္ထုများ လိုပေါ့။ ကံကောင်းတာ တစ်ခုက သူဟာ လောလောဆယ် အသည်းကွဲနေပြီး အဲဒီ အသည်းကွဲခြင်းအမှုကို ဘာကမှ အနှောင့်အယှက် မပြုနိုင်ဘူး ဆိုတာပဲ။ 
    ဇင်မောင်ကျော်ကိုကိုသန့်ဟာ နောက်တစ်ကြိမ် မျက်စိ ထပ်ဖွင့်လိုက်တယ်။             ။
    ဏေသစ်
    2 min
  • နေမျိုးဆက်လူ - မိန်းကလေး
    ကျွန်မ မောင်လေးလေ၊ မနက်က
    ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတာ၊ ခုညနေ ပြန်လာတော့
    တစ်စစီ၊ လွယ်အိတ်တောင် မပါဘူး
    ဒါတောင် တခြားသူက ပြန်လာပို့ပေးလို့
    ဘယ်လောက်တောင် တစ်စစီလည်း ဆိုရင်
    ခေါင်းနဲ့ ကလီစာတွေကို တစ်ထုပ်၊ ကျန်တာတွေကို တစ်ထုပ်
    ကျနော်တို့ မြို့မှာ အမှိုက်ပစ်တဲ့ အိတ်အမည်းတွေနဲ့ ထုပ်ပြီး
    ပြန်လာတာ၊ စစ်ကြည့်တော့ ခြေထောက်တစ်ဖက်နဲ့
    လက်ချောင်းနှစ်ချောင်းလိုနေတယ်၊ ဘယ်ဘက် လက်ခလယ်မှာတော့
    လက်စွပ်အရာကြီးနဲ့၊ လက်စွပ်တော့ မရှိတော့ဘူး
    ကျွန်မလည်း အတော်စိတ်ပျက်သွားတယ်
    မောင်လေး သေလို့ ဒီလောက် စိတ်မပျက်ဘူး
    ကျွန်မ အမေက ငိုလို့ မပြီးတော့ဘူး၊ သူ့ငိုတာကို စိတ်ပျက်တာ
    အဖေအလှည့်တုန်းကလည်း သူငိုပြီးပြီ၊ အဲတုန်းကလည်း
    ကျွန်မ စိတ်ပျက်တာပဲ၊ ဒါက ကျွန်မတို့ အရပ်ဒေသမှာ ဖြစ်နေကျ
    အထွေအထူး ခံစားနေလို့လည်း အပိုပဲ၊ အဲဒီအကြောင်းကို
    ကျွန်မက ရှင်းပြတော့ ကျွန်မက သေရင် ငရဲရောက်မှာတဲ့
    ရောက်ပါစေပေါ့၊ ခုဒီမှာက ငရဲထက်တောင် ဆိုးသေးတယ်
    စဉ်းစားကြည့်လေ၊ ကျွန်မသွေးကို ခဏခဏ စုပ်တဲ့လူနဲ့
    တူတူနေနေရတာ၊ နှစ်ပေါက်နေပြီ
    ဒဏ်ရာ နာကျင်မှုတွေ အကြောင်းလာမေးရင်
    ကျွန်မ ချွေးနံ့ကို ရှူခိုင်းရမှာပဲ၊ ဒါမှမဟုတ်လည်း ကျွန်မ သွေးကို
    နည်းနည်း မြည်းခိုင်းရမယ်၊ ကျွန်မ ခန္ဓာကိုယ်ထဲမှာက
    ရေတွေ၊ သွေးတွေ အစား သုတ်တွေ ပြည့်နေတာ
    တစ်ခါတစ်လေ ကျွန်မ အမေက လာသေးတယ်
    သူ့ယောက်ျားက သူ့ကို မချစ်တော့ပဲ ကျွန်မကိုပဲ ချစ်တော့တယ်တဲ့
    ဟုတ်တော့လည်း ဟုတ်တယ်၊ သူ့ယောက်ျားက
    ကျွန်မ ဘယ်တော့ ရာသီလာတာ ပြီးမလဲပဲ စောင့်နေတာ
    ခုလည်း ကျွန်မမှာ ကလေးနှစ်ယောက်၊ တစ်ယောက်က ဗိုက်ထဲမှာ
    ပြောသေးတယ် အမေက၊
    ညည်း အနေအထိုင် မဆင်ခြင်လို့ အဲလိုတွေ ဖြစ်နေတာ တဲ့
    ကျွန်မ ဘာပြန်ပြောရမှာလဲ၊ အိပ်ရာဝင်တိုင်း ငရဲလား
    လူ့ပြည်လား ခဏခဏ ပြန်ပြန်မေးရတယ်
    သူ့ယောက်ျားဝင်လာပြီဆို သေချာတယ် ဒါငရဲပဲ
    အဲဒါကို အမေက လက်ပိုက်ကြည့်နေခဲ့တာလေ
    အဲတော့ သူ့သားသေလို့ ငိုလည်း ကျွန်မလက်ပိုက်ကြည့်နေရုံပေါ့
    မိုင်းနင်းမိတာလေ၊ ဘာလို့ နင်းမိတဲ့ ခြေထောက်က
    ကျွန်မ ခြေထောက် မဖြစ်တာလဲ မသိဘူး
    ကျွန်မလမ်းလျှောက်ရင်း အမြဲတမ်း စဉ်းစားမိတယ်
    ရှေ့မှာ မိုင်းဆိုရင် ကျွန်မ ပြေးပြီး နင်းလိုက်တော့မှာ
    ခုတော့ စာသွားသင်လိုက်ဦးမယ်၊ ကကြီး ခခွေးတွေ
    ဘာပဲဖြစ်ဖြစ် ကိုယ့်နာမည် ကိုယ်လက်မှတ် ထိုးတတ်ရင်လည်း
    ကလေးတွေကို မိဘမဲ့ဂေဟာကို လက်မှတ်ထိုး
    လွှဲခဲ့လို့ရသားပဲ၊ ကျွန်မ အမေလက်ထဲတော့
    ကျွန်မ မအပ်ခဲ့နိုင်ဘူး၊ လောကမှာ ကျွန်မ မယုံဆုံးက
    ကျွန်မ အမေပဲ။
    နေမျိုးဆက်လူ
    ၂၀၁၅၊ မတ်
    3 min
  • ပိုင်စိုးဝေ - လူဆိုတာ အနွေးဓာတ်လိုတယ်
    လူဆိုတာ
    အနွေးဓာတ်လိုတယ်
    မြနှင်းဝေရေ
    မင်းမရှိရင် ငါ မဖြစ်ဘူးကွဲ့
    လူဆိုတာ အနွေးဓာတ်လိုတယ်။
    အနွေးဓာတ်ဟာ
    တောင်အရပ်က စပြီး
    အမြဲ လာတယ်။
    မြနှင်းဝေရေ
    တို့၊ ပင်လယ်တွေဆီ သွားကြစို့
    အနွေးဓာတ်ဟာ
    တောင်အရပ်က စပြီး
    အမြဲတမ်း လာတယ်။
    ဂုဏ်သိက္ခာနဲ့ ဘဝကို
    လျှော်ကြေးအဖြစ် ပေးဆပ်ကာ
    ကော်ပီသီချင်းတွေနဲ့ ဝမ်းစာရှာပြီး
    ကဗျာဆရာအဖြစ် သေလိုတဲ့
    ငါ့မိတ်ဆွေလည်း
    အနွေးဓာတ် လိုအပ်ခဲ့မယ်။
    ကြယ်တွေနဲ့ တိုးတိုက်မိမတတ်
    မှောင်မှောင်မည်းမည်း ကံတရားလမ်းမကြီးပေါ်မှာ
    မအေးကြည်လေးလည်း
    အနွေးဓာတ် လိုအပ်နေပြီပေါ့။
    လူတိုင်းလူတိုင်းဟာ
    ပွင့်လင်းရာသီကို စောင့်မျှော်ရင်း
    နွေးထွေးမှုကို ငံ့လင့်ရင်း
    အချင်းချင်း တီးတိုးပြောဆိုနေကြရဲ့။
    ဒါပေမယ့် မြနှင်းဝေရေ
    သီချင်းတစ်ပုဒ်ကို သီဆိုဖို့တော့
    ဘယ်သူမှ သတိမရကြဘူးပေါ့။
    ဥပမာ
    ငါတို့ရဲ့အာဇာနည်တွေနဲ့
    သူတို့စတေးခဲ့ရတဲ့ဘဝများအကြောင်းပေါ့။
    ဟောဒီ ဆောင်းဟာလေ
    လူတစ်ယောက်အတွက်
    မောင်းချဓားတစ်ချောင်းကို သွားပြီး
    သတိရစေနိုင်ရဲ့။
    သူမျှော်လင့်ခဲ့တဲ့
    မိန်းမတစ်ယောက်ရဲ့အချစ်အတွက်
    သူပေးဆပ်နိုင်တဲ့
    အကောင်းဆုံးအရာဟာ
    ဒါပါပဲလားလို့
    တွေးမိသူတစ်ယောက်အဖို့ပေါ့။
    ဘဝကို
    သီချင်းလုပ်လုပ်ပြီး ဆိုချင်တဲ့
    လူတစ်ယောက်ရဲ့အဖို့မှာလည်း
    ဒီလိုလွန်ကဲတဲ့
    ဆောင်းညတွေရဲ့ အေးခဲမှုထဲမှာ
    အနွေးဓာတ်ဟာ လိုမှာပေါ့။
    ဆော်လမွန်ဘုရင်ကြီးလည်း
    အနွေးဓာတ် လိုအပ်ခဲ့မယ်။
    ဆိုကရေးတီးလည်း
    အနွေးဓာတ် လိုအပ်ခဲ့မယ်။
    ပါစတာညက်လည်း
    အနွးဓာတ် လိုအပ်ခဲ့မယ်။
    တခါတုန်းက
    ချမ်းပြီးတော့ တုန်ရှာလွန်းလို့
    သြဂုတ်လတွေဆီ ထွက်ပြေးသွားတဲ့
    လူတစ်ယောက်ရဲ့ပုံပြင်လိုပေါ့ကွယ်။
    ဟေ့
    ကလေးလေးတွေရေ
    မင်းတို့အဖို့မှာလည်း
    အနွေးဓာတ်ဟာ လိုမှာပဲပေါ့ကွယ်။
    မြနှင်းဝေရေ
    အနာဂတ်ဆိုတာ
    မရောတဲ့ကံကြမ္မာတစ်ခုမို့
    ပျော်ရွှင်မှုအသစ်တွေ ရှိကောင်းရှိနေမယ်။
    သောကဗျာပါဒနဲ့
    ဒုက္ခတရားတွေ ရှိကောင်းရှိနေမယ်။
    ဘာပဲဖြစ်ဖြစ်
    သဘာဝတရားကို
    ထာဝရဘုရားလို ငါ ယုံကြည်ခဲ့ပေါ့။
    ရိုးရိုးရှင်းရှင်း
    အသက်ရှင်နေထိုင်ခြင်းအပေါ်မှာ
    မြတ်နိုးတွယ်တာတတ်တဲ့ ငါ့ရဲ့
    ဟောဒီအိမ်ကလေးထဲမှာ
    အနွေးဓာတ်ဟာ လိုအပ်တာပေါ့။
    ချမ်းလိုက်တာ တုန်လို့ကွယ်
    မင်းရောက်လာတဲ့ ငါ့အဖို့မှာ
    ဝမ်းလည်း ဝမ်းသာ၊ ပီတိလည်းဖြစ်
    ကျေးဇူးလည်း တင်၊ ဂုဏ်လည်း ဂုဏ်ယူ
    အားတက်ပြီးတော့ ငိုကြွေးမိရဲ့။
    မြနှင်းဝေရေ
    မင်းမရှိရင် မဖြစ်တော့ဘူးကွယ့်
    လူဆိုတာ အနွေးဓာတ်လိုတယ်။
    စောင့်ကြိုနေမယ့်
    အနာဂတ်ရဲ့ နေ့တစ်နေ့မှာ
    တို့နှလုံးသားကို တုန်ခါစေတဲ့
    တို့မျှော်လင့်ခြင်းတွေရဲ့ အဆုံးစွန်ဖြစ်တဲ့
    တို့ဘဝရဲ့ အလင်းရောင်ဖြစ်တဲ့
    တို့အိပ်မက်တွေထဲ
    အမြဲ ဝင်ရောက် ပုန်းခိုနေတဲ့
    တို့အသွေးအသားတွေနဲ့
    တည်ဆောက်ထားတဲ့
    တို့ရဲ့ရင်သွေး
    သမီးကလေးဆိုပါတော့ကွယ်။
    ဒါပေမယ့် မြနှင်းဝေရေ
    ငါ ကြေကွဲရပေါ့။
    အအေးဓာတ်ကြောင့်
    တို့နှစ်ယောက် ချမ်းပြီးတုန်ဖျား
    တစိမ့်စိမ့် နာကျင်ကိုက်ခဲ
    သွေးကြောထဲ အဆိပ်တက်ခဲ့ရပြီ။
    ဟို မြောက်ဘက်တောင်ကုန်းတွေဆီက
    ရက်စက်လှတဲ့ အအေးဓာတ်တွေကြောင့်
    တို့မျှော်လင့်ချက်တွေ
    ပျက်စီးရပြီ၊
    တို့နှလုံးသားတွေ
    ကွဲကြေရပြီ။
    တို့ရဲ့အလင်းရောင်တွေ
    အမှောင်ဖုံးရပြီ။
    တို့အသွေးအသားတွေ
    အဖျားတက်ရပြီ။
    ချမ်းလည်း ချမ်း
    ရက်လည်း ရက်စက်
    ကြင်နာခြင်းလည်း ကင်းပြီး
    ကောက်ကျစ်စဉ်းလဲတဲ့
    ဟောဒီ အေးခဲမှုတွေဟာ
    မြောက်ဘက်တောင်ကုန်းတွေဆီကနေပြီး
    တရွေ့ရွေ့ တိုးဝှေ့လာခဲ့ပေါ့။
    အာဏာရဲ့ ဗဟိုချက်ဟာ
    မြေထဲပင်လယ်တစ်ဝိုက်ကနေပြီး
    ဥရောပတိုက်ဆီ
    တရွေ့ရွေ့ တိုးဝှေ့လာသလိုမျိုးပေါ့။
    အသက်အရွယ်လည်း ကြီး
    အတွေ့အကြုံလည်း များပြီ
    ဝေဖန်ပိုင်းခြားတတ်တဲ့
    ရှေ့မီနောက်မီ အဖိုးကြီးတစ်ယောက်ကတော့
    သူနဲ့ တွေ့တဲ့ လူတိုင်းကို
    ဟောသလို ရှင်းရှင်းပြနေသံကြားတတ်ရဲ့။
    ခိုက်ခိုက်တုန်ချမ်းတဲ့
    ဒီလိုဆောင်းညတွေဟာ
    လူတွေရဲ့ကိုယ်ကျင့်တရားကို လာလာပြီး
    ဖျက်စီးတတ်ကြသတဲ့။
    ဝပ်ကျင်းထဲက ကြက်ဖတွေလို
    လူတွေကို အညောင်းမိစေပြီတော့
    ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားအောင်လည်း
    တုတ်နှောင်ထားတတ်ကြသတဲ့။
    ဘာသန်တရ မတူတဲ့
    နိုင်ငံရပ်ခြားက
    ကဗျာကဝိကြီးတစ်ဆူကတော့
    ဘုရားရှိခိုးကျောင်းက
    ခေါင်းလောင်းကြီးတွေရဲ့ အသံသာသာကိုတောင်
    နာကျင်အောင် ကိုက်ခဲတတ်ကြပါသတဲ့လေ။
    မြနှင်းဝေရေ
    မင်းနဲ့ငါ
    ပင်လယ်တွေကို ဖြတ်
    ကမ္ဘာပတ်ပြီး အနွေးဓာတ် ရှာမယ်
    ငါ ချမ်းလွန်းလို့ တုန်ခါနေပေါ့ကွယ်။
    ငါ့တစ်ဘဝလုံးဟာ
    ကြေကွဲချင်လည်း ကြေကွဲရပါစေ
    တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့
    တို့မျှော်လင့်ချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့
    မင်းရင်ထဲက သမီးလေး
    တို့ရဲ့ ရင်သွေး
    သမီးလေးသာ။
    မြနှင်းဝေရေ
    အခုတော့
    ငါကြေကွဲရပြီ . . . . ကြေကွဲရပါပြီ
    မင်းရင်ထဲက သန္ဓေသား
    ချမ်းလွန်းလို့ တုန်ပြီးဖျားနေပေါ့။
    လူဆိုတာ အနွေးဓာတ်လိုတယ်။ ။
    - ပိုင်စိုးဝေ
    5 min
  • ဇေယျာလင်း - မမလီဇာ လိုင်ဇာရောက်ဖူးလား
    မမလီဆာဟာ “ဒိုင်းနမိုက်” ပဲ
    ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကိုစွဲခဲ့တာ
    ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့အိပ်ပျက်ခဲ့ရတယ်
    မာနယ်ပလောမှာ
    ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
    လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာ မိသွားတယ်
    “ဒိုင်းနမိုက်”၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ “ဒိုင်းနမိုက်”
    လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားက မတင်သွင်းဘူး
    စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
    မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
    “ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ၊သေနတ်နဲ့ပစ်မယ် ချစ်သူရယ်”
    အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည်းပဲ
    တောင်းတခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေး ယင်လုံအိမ်သာလေး
    “ဒိုင်းနမိုက်”၊မမလီဆာဟာ ကျွန်တော်ရဲ့ sex symbol ပဲ
    တစ်ခါ၊ “ပြည်၀” မှာမမလီဆာက ကျွန်တော်ကိုပဲ လက်ညှိုးထိုးပြီး
    “မောင်” သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အငြိုးနဲ့ကြည့်ကြ
    မမလီဆာကို သူတို့အကြမ်းဖက်၊အချောဖက်၊ငွေဖက်၊အာဏာဖက်
    အချင်းချင်းလက်ဆောင်ပေးဖက်၊ ကျွန်တော်ပေါက်ကွဲပေါ့၊ဒိုင်းနမိုက်
    “သေနတ်နဲ့ပစ်မယ်ချစ်သူရယ်”
    လက်နက်ကြီးတွေ၊စစ်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ၊တပ်ကြောင်းတွေ
    လိုင်ဇာက လိုင်ချီးသီးတွေတစ်ဖက်နိုင်ငံထဲ ခိုလှုံသွားကြတယ်
    ဖားကန့်မှာ တစ်တွင်းနဲ့မကြည်ရင် ခေါက်လိုက်မယ်
    နောက်တစ်တွင်းလာလိမ့်မယ်။ဖောရင်းကလာတဲ့
    ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး၊
    ဒိုင်းနမိုက်။မာလာဆောင်ပြည်လမ်းရဲ့ရှေ့မှာ၊ဒိုင်းနမိုက်
    မမလီဆာ၊ကျွန်တော်လက်နက်ချလို့အလင်း၀င်ခဲ့ပါပြီ
    ခြေတု၊လက်တုကအစ အတုတွေတပ်ဆင်ထားတဲ့ ဘဝကြီးမှာ
    စင်ပေါ်လည်းတင်ဆက်ဖျော်ဖြေပေးရတယ်၊ချစ်ကြည်ရေး
    စင်အောက်လည်းတင်ဆက်ရပြန်တယ်၊ဒိုင်းနမိုက်
    လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
    နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ပင်လုံဆေးရုံမှာ
    ကျွန်တော်သန့်ရှင်းရေး၀န်ထမ်းပါ၊သေနတ်ကို
    တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ်၊ဒိုင်းနမိုက်
    မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
    ဆွေးနွေးညှိနှိုင်းအိပ်ပေးရင်း ပြည်ထောင်စုအထွတ်အထိပ်
    ရောက်မလား၊ဒိုင်းနမိုက်၊အိပ်ရာထဲမှာ ဒိုင်းနမိုက်
    ဖောရင်းကလာတဲ့ ပစ္စည်းမဟုတ်တော့
    တန်ဖိုးနည်း တိုင်းရင်းသားတွေလား
    တစ်နိုင်ငံလုံးချမ်းသာဖို့၊ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
    ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ
    လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ်၊ ချစ်လို့ပါကွယ်
    မမလီဆာ၊
    ကျွန်တော့်နှလုံးသားထဲက
    ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
    အဲဒါအပျော့စားဒိုင်းနမိုက်၊
    တဒိုင်းဒိုင်းနဲ့မိုက်တဲ့ ဒိုင်းနမိုက်။ ။
    ဇေယျာလင်း
    3 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.