လူဆိုတာ
အနွေးဓာတ်လိုတယ်
မြနှင်းဝေရေ
မင်းမရှိရင် ငါ မဖြစ်ဘူးကွဲ့
လူဆိုတာ အနွေးဓာတ်လိုတယ်။
အနွေးဓာတ်ဟာ
တောင်အရပ်က စပြီး
အမြဲ လာတယ်။
မြနှင်းဝေရေ
တို့၊ ပင်လယ်တွေဆီ သွားကြစို့
အနွေးဓာတ်ဟာ
တောင်အရပ်က စပြီး
အမြဲတမ်း လာတယ်။
ဂုဏ်သိက္ခာနဲ့ ဘဝကို
လျှော်ကြေးအဖြစ် ပေးဆပ်ကာ
ကော်ပီသီချင်းတွေနဲ့ ဝမ်းစာရှာပြီး
ကဗျာဆရာအဖြစ် သေလိုတဲ့
ငါ့မိတ်ဆွေလည်း
အနွေးဓာတ် လိုအပ်ခဲ့မယ်။
ကြယ်တွေနဲ့ တိုးတိုက်မိမတတ်
မှောင်မှောင်မည်းမည်း ကံတရားလမ်းမကြီးပေါ်မှာ
မအေးကြည်လေးလည်း
အနွေးဓာတ် လိုအပ်နေပြီပေါ့။
လူတိုင်းလူတိုင်းဟာ
ပွင့်လင်းရာသီကို စောင့်မျှော်ရင်း
နွေးထွေးမှုကို ငံ့လင့်ရင်း
အချင်းချင်း တီးတိုးပြောဆိုနေကြရဲ့။
ဒါပေမယ့် မြနှင်းဝေရေ
သီချင်းတစ်ပုဒ်ကို သီဆိုဖို့တော့
ဘယ်သူမှ သတိမရကြဘူးပေါ့။
ဥပမာ
ငါတို့ရဲ့အာဇာနည်တွေနဲ့
သူတို့စတေးခဲ့ရတဲ့ဘဝများအကြောင်းပေါ့။
ဟောဒီ ဆောင်းဟာလေ
လူတစ်ယောက်အတွက်
မောင်းချဓားတစ်ချောင်းကို သွားပြီး
သတိရစေနိုင်ရဲ့။
သူမျှော်လင့်ခဲ့တဲ့
မိန်းမတစ်ယောက်ရဲ့အချစ်အတွက်
သူပေးဆပ်နိုင်တဲ့
အကောင်းဆုံးအရာဟာ
ဒါပါပဲလားလို့
တွေးမိသူတစ်ယောက်အဖို့ပေါ့။
ဘဝကို
သီချင်းလုပ်လုပ်ပြီး ဆိုချင်တဲ့
လူတစ်ယောက်ရဲ့အဖို့မှာလည်း
ဒီလိုလွန်ကဲတဲ့
ဆောင်းညတွေရဲ့ အေးခဲမှုထဲမှာ
အနွေးဓာတ်ဟာ လိုမှာပေါ့။
ဆော်လမွန်ဘုရင်ကြီးလည်း
အနွေးဓာတ် လိုအပ်ခဲ့မယ်။
ဆိုကရေးတီးလည်း
အနွေးဓာတ် လိုအပ်ခဲ့မယ်။
ပါစတာညက်လည်း
အနွးဓာတ် လိုအပ်ခဲ့မယ်။
တခါတုန်းက
ချမ်းပြီးတော့ တုန်ရှာလွန်းလို့
သြဂုတ်လတွေဆီ ထွက်ပြေးသွားတဲ့
လူတစ်ယောက်ရဲ့ပုံပြင်လိုပေါ့ကွယ်။
ဟေ့
ကလေးလေးတွေရေ
မင်းတို့အဖို့မှာလည်း
အနွေးဓာတ်ဟာ လိုမှာပဲပေါ့ကွယ်။
မြနှင်းဝေရေ
အနာဂတ်ဆိုတာ
မရောတဲ့ကံကြမ္မာတစ်ခုမို့
ပျော်ရွှင်မှုအသစ်တွေ ရှိကောင်းရှိနေမယ်။
သောကဗျာပါဒနဲ့
ဒုက္ခတရားတွေ ရှိကောင်းရှိနေမယ်။
ဘာပဲဖြစ်ဖြစ်
သဘာဝတရားကို
ထာဝရဘုရားလို ငါ ယုံကြည်ခဲ့ပေါ့။
ရိုးရိုးရှင်းရှင်း
အသက်ရှင်နေထိုင်ခြင်းအပေါ်မှာ
မြတ်နိုးတွယ်တာတတ်တဲ့ ငါ့ရဲ့
ဟောဒီအိမ်ကလေးထဲမှာ
အနွေးဓာတ်ဟာ လိုအပ်တာပေါ့။
ချမ်းလိုက်တာ တုန်လို့ကွယ်
မင်းရောက်လာတဲ့ ငါ့အဖို့မှာ
ဝမ်းလည်း ဝမ်းသာ၊ ပီတိလည်းဖြစ်
ကျေးဇူးလည်း တင်၊ ဂုဏ်လည်း ဂုဏ်ယူ
အားတက်ပြီးတော့ ငိုကြွေးမိရဲ့။
မြနှင်းဝေရေ
မင်းမရှိရင် မဖြစ်တော့ဘူးကွယ့်
လူဆိုတာ အနွေးဓာတ်လိုတယ်။
စောင့်ကြိုနေမယ့်
အနာဂတ်ရဲ့ နေ့တစ်နေ့မှာ
တို့နှလုံးသားကို တုန်ခါစေတဲ့
တို့မျှော်လင့်ခြင်းတွေရဲ့ အဆုံးစွန်ဖြစ်တဲ့
တို့ဘဝရဲ့ အလင်းရောင်ဖြစ်တဲ့
တို့အိပ်မက်တွေထဲ
အမြဲ ဝင်ရောက် ပုန်းခိုနေတဲ့
တို့အသွေးအသားတွေနဲ့
တည်ဆောက်ထားတဲ့
တို့ရဲ့ရင်သွေး
သမီးကလေးဆိုပါတော့ကွယ်။
ဒါပေမယ့် မြနှင်းဝေရေ
ငါ ကြေကွဲရပေါ့။
အအေးဓာတ်ကြောင့်
တို့နှစ်ယောက် ချမ်းပြီးတုန်ဖျား
တစိမ့်စိမ့် နာကျင်ကိုက်ခဲ
သွေးကြောထဲ အဆိပ်တက်ခဲ့ရပြီ။
ဟို မြောက်ဘက်တောင်ကုန်းတွေဆီက
ရက်စက်လှတဲ့ အအေးဓာတ်တွေကြောင့်
တို့မျှော်လင့်ချက်တွေ
ပျက်စီးရပြီ၊
တို့နှလုံးသားတွေ
ကွဲကြေရပြီ။
တို့ရဲ့အလင်းရောင်တွေ
အမှောင်ဖုံးရပြီ။
တို့အသွေးအသားတွေ
အဖျားတက်ရပြီ။
ချမ်းလည်း ချမ်း
ရက်လည်း ရက်စက်
ကြင်နာခြင်းလည်း ကင်းပြီး
ကောက်ကျစ်စဉ်းလဲတဲ့
ဟောဒီ အေးခဲမှုတွေဟာ
မြောက်ဘက်တောင်ကုန်းတွေဆီကနေပြီး
တရွေ့ရွေ့ တိုးဝှေ့လာခဲ့ပေါ့။
အာဏာရဲ့ ဗဟိုချက်ဟာ
မြေထဲပင်လယ်တစ်ဝိုက်ကနေပြီး
ဥရောပတိုက်ဆီ
တရွေ့ရွေ့ တိုးဝှေ့လာသလိုမျိုးပေါ့။
အသက်အရွယ်လည်း ကြီး
အတွေ့အကြုံလည်း များပြီ
ဝေဖန်ပိုင်းခြားတတ်တဲ့
ရှေ့မီနောက်မီ အဖိုးကြီးတစ်ယောက်ကတော့
သူနဲ့ တွေ့တဲ့ လူတိုင်းကို
ဟောသလို ရှင်းရှင်းပြနေသံကြားတတ်ရဲ့။
ခိုက်ခိုက်တုန်ချမ်းတဲ့
ဒီလိုဆောင်းညတွေဟာ
လူတွေရဲ့ကိုယ်ကျင့်တရားကို လာလာပြီး
ဖျက်စီးတတ်ကြသတဲ့။
ဝပ်ကျင်းထဲက ကြက်ဖတွေလို
လူတွေကို အညောင်းမိစေပြီတော့
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားအောင်လည်း
တုတ်နှောင်ထားတတ်ကြသတဲ့။
ဘာသန်တရ မတူတဲ့
နိုင်ငံရပ်ခြားက
ကဗျာကဝိကြီးတစ်ဆူကတော့
ဘုရားရှိခိုးကျောင်းက
ခေါင်းလောင်းကြီးတွေရဲ့ အသံသာသာကိုတောင်
နာကျင်အောင် ကိုက်ခဲတတ်ကြပါသတဲ့လေ။
မြနှင်းဝေရေ
မင်းနဲ့ငါ
ပင်လယ်တွေကို ဖြတ်
ကမ္ဘာပတ်ပြီး အနွေးဓာတ် ရှာမယ်
ငါ ချမ်းလွန်းလို့ တုန်ခါနေပေါ့ကွယ်။
ငါ့တစ်ဘဝလုံးဟာ
ကြေကွဲချင်လည်း ကြေကွဲရပါစေ
တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့
တို့မျှော်လင့်ချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့
မင်းရင်ထဲက သမီးလေး
တို့ရဲ့ ရင်သွေး
သမီးလေးသာ။
မြနှင်းဝေရေ
အခုတော့
ငါကြေကွဲရပြီ . . . . ကြေကွဲရပါပြီ
မင်းရင်ထဲက သန္ဓေသား
ချမ်းလွန်းလို့ တုန်ပြီးဖျားနေပေါ့။
လူဆိုတာ အနွေးဓာတ်လိုတယ်။ ။
- ပိုင်စိုးဝေ