Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • မောင်သိန်းဇော် - မီးဖွင့်လိုက်
    နေမွန်းတည့် ငါ့အိမ်မှာ
    အမှောင်တွေ သိပ်သည်းလွန်းလှသမို့
    မီးဖွင့်လိုက်
    ခန်းလုံးပြည့်မှောင်တဲ့ အမှောင်ထဲ
    တိမ်ရောင်စုံ မမြင်ရ၊
    ပင်လယ်စင်ရော်နဲ့လှိုင်းလုံးများ မမြင်ရ၊
    စိမ်းညို့တောင်တန်းတွေ မမြင်ရ၊
    ငါ့ရဲ့ တစ်ခန်းလုံးမှောင်ရဲ့
    မီးဖွင့်လိုက်
    ချစ်ခြင်းစကားဖွင့်ဟတဲ့
    မျက်လုံးလေးကို မမြင်ရအောင် မှောင်မည်း၊
    အလှတရားနဲ့ ၀င်းမှည့်တဲ့
    သီချင်းသံကို မကြားရအောင် မှောင်မည်း
    ပုပ်အဲ့အဲ့အမှောင်တွေသာ ပြည့်နှက်၊
    ပြီးတော့ မှောင်မည်း
    မီးဖွင့်လိုက်
    လူတစ်ယောက်ရဲ့ ဦးခေါင်း၊ အိပ်မက်တွေနဲ့
    အက်ကြောင်းထနေတဲ့ ကဗျာပေါ့၊
    ဟောဒီကမ္ဘာ လင်း ရမယ်၊ ဟေ့ ညီလေး
    သန်မာတဲ့ အတွေးထဲက သွေးတစ်စက်ကျလာ
    မီးတောက်ဟာ ကိုင်လို့မရဘူး...
    မီးဖွင့်လိုက်
    အာရုံတွေ ငါ့အတ္တနဲ့ ထွန်းညှိ
    ပျော်မှုအတိပြီးတဲ့ အသံခြေလက်တို့နဲ့ပေါ့၊
    လောကဓံတရားကို ညမွှေးကိုင်းတစ်ကိုင်းလို
    ငါတို့ဘ၀ထဲ ညွတ်ကိုင်းလာအောင်
    မီးဖွင့်လိုက်
    နှလုံးသားတွေနဲ့ ထွန်းညှိ၊ မြို့ရွှာတွေနဲ့ ထွန်းညှိ
    တိုင်းပြည်နိုင်ငံနဲ့ ထွန်းညှိ၊ ကမ္ဘာလောကနဲ့ ထွန်းညှိ
    အဲဒီ အလျှံညီးညီးပျော်ရွှင်မှုတွေရဲ့
    အရိပ်နဲ့အရောင်ဟာ
    ဒြပ်၀တ္ထု အကောင်အထည်မရှိတဲ့
    မောင်သိန်းဇော် တစ်ယောက်ဖြစ်တယ်၊
    တောက်ပတဲ့ ပွဲခင်းကြီးဟာ
    မောင်သိန်းဇော် ရဲ့
    အခြား မောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်၊
    မီးဖွင့်လိုက်
    မနက်ခင်းလေးရ
    တို့နှစ်ယောက်ရဲ့ အလင်းရောင်ဟာ
    ဘယ်တော ဘယ်တောင်မှာ ရေငတ်နေပြီလဲ
    မီးဖွင့်လိုက်
    စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့
    လယ်ကွင်းတွေ ပျော်ရွှင်ဖို့၊
    မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
    မိုးသားတိမ်တိုက် (သို့မဟုတ်)
    ပျံသန်းလာတဲ့ သမုဒ္ဒရာကြီး အတောင်မညောင်းဖို့
    မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
    ရပ်နားခြင်းမရှိတဲ့ မြစ်ရေအလျဉ်တွေ လန်းဆန်းဖို့
    မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
    ဒီမှာ မိတ်ဆွေ
    ငါတို့အားလုံး ရဲ့ အမေ့ရင်ခွင် ထိန်ညီးဖို့
    ကမ္ဘာကြီးကို မီးဖွင့်လိုက် ။ ။
    - မောင်သိန်းဇော်
    3 min
  • စိုင်းဝင်းမြင့် - မောင်ချောနွယ်နှင့် ကမ္ဘာလဆန်းတစ်ရက်
    ဆရာမောင်ချောနွယ် မကြာခဏပြောတတ်တာရှိတယ်
    လူညံ့တွေ ဖြစ်ထွန်းတဲ့တိုင်းပြည်တဲ့
    ဖြစ်ထွန်းတယ်ဆိုတာ အရင်က
    မိုးတိမ်ဖြစ်ထွန်းတာတို့
    ဒီမြေမှာ
    စပါးဖြစ်ထွန်း ပဲပြောင်းနှမ်းဝါ ဖြစ်ထွန်းတာတို့
    ကောင်းတဲ့ လှတဲ့ဘက် တစ်ခုခုထွန်းပေါက်တဲ့အခါ
    အများထဲကတစ်ခုတစ်ယောက်
    ပြီးတော့များစွာ
    အဲဒီလို ပေါ့စတစ်တွေနဲ့သွားတာကိုပြောတာ
    ဆရာမောင်ချောနွယ်က
    လူညံ့တွေပေါတဲ့တိုင်းပြည်
    ထွန်းကားတဲ့မြို့ကြီးတစ်မြို့
    လူညံ့တွေဖြစ်ထွန်းနေတာပါကွာ
    ဗိုလ်ကာတွန်းတွေချည်းပဲ
    လူညံ့တွေသာ ဖြစ်ထွန်းလွန်းလှချည်ရဲ့လို့ ၊ သလိပ်ဖတ်လို့ လမင်းကြီးကိုလည်း မြင်မိသူဖြစ်ပြီး
    အနုပညာမရခင် လူလည်လုပ်နည်းအရင်ရနေတဲ့ကောင်စားတွေ မျိုးပွားနေလေရဲ့တဲ့ ။ ပေါများတဲ့ လူညံ့တွေနဲ့ လူလည်လုပ်နည်းတွေကို တွဲလိုက်တော့ ပြီးပြီပေါ့ ။ စားပွဲပေါ်မှာကလည်း အပိုဆာဒါး ဒီဟင်းချိုတစ်ခွက်ပဲ ပူပူနွေးနွေးရှိလေတာ ချစ်မေတ္တာကြောင့်မှ မိသားစုစိတ်မှ သူငယ်ချင်းမိတ်ဆွေရင်းကြောင့် ဘဝအရသာကြောင့် မှ မဟုတ်ရင် ဘယ်လိုလူတွေ လူကြိုက်များတာလည်း စဥ်းစားသာကြည့်လိုက်ပေတော့ ။ လူကြိုက်နည်းတဲ့ကောင်ဆိုတာကလည်း မစဥ်းစားခြင်း သေတ္တာ နပ်(လူနပ်)တို့ခိုးဝှက်ခြင်းခံရခြင်းမှာ နှုတ်ခဲ့ရတဲ့သွားတစ်ချောင်း ပြန်စိုက်ပေးရဦးမယ်လို့ နေ့စဥ် နေ့စဥ် ထိသိနေရတာ ။ မလည်လို့ပေါ့ လည်ရင် ဟုတ်ကဲ့ဟုတ်ကဲ့ လို ပြောပြောနေမှာပေါ့ လှသန်းရာ ငါလည်းမင်းလို မအဘူးထင်နေလား ၊ အ ရင် တွေ့သမျှမင်္ဂလာပါလို့ ​ပြောပြောနေမှာပေါ့ ၊ ဟုတ်ပြီလေ ကျွန်တော်လည်း လည်လို့ အ လို့ရှိရင် ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး မီးဖိုချောင်ကိုလည်း မီးခိုးရောင်နံရံဆေးသုတ် အိမ်ရှေ့ကလမ်းကို ပန်းနုရောင် ကြွေပြား ခင်းထားလိုက်မှာပေါ့ ။ ။
    စဝမ
    ၂၀၂၀
    2 min
  • မောင်သိန်းဇော် - ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့
    စိတ် ကလေး
    မလွမ်းအောင် နေလို့ မရဘူး
    လွမ်း လွမ်းနေ ၊ သူ့ခမျာ
    မပျော်အောင်လည်း နေလို့ မရဘူး ၊
    ပျော် ပျော်နေ
    ဟေး ဂျွန်
    အချစ်ကို မနိုင်မနင်းသယ်ဆောင်လာတဲ့
    တစ်မျှော်တစ်ခေါ်အနမ်းရဲ့
    ဟိုး အတွင်းဘက်မှာ
    အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့ ၊
    အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
    လေယာဉ်ပျံကြီး နဲ့မှ မဟုတ်ပါဘူး ၊
    ပျံလွှားငှက်လေး နဲ့လည်း လိုက်မယ် ။
    ဒီ လောကီမှာ
    ဒီပါးပြင်လေးကို
    ဒီ နှစ်လုံးသားအရူးအမူးလေးက
    ဘယ့်နှယ့်လုပ်လို့မှ သူစိမ်းပြင်ပြင်
    သဘောမထားနိုင်ရှာတဲ့အတွက်
    ဂျွန်ရေ
    စိတ်ကို ဖမ်းကြပေရော့ ၊
    အနမ်းဆိုတာ ခိုးယူလို့မရနိုင်ဘူးလား?
    သူကသိပ်လှတယ်
    မျက်လုံးတွေ ၊ အကြည့်တွေ
    မသိအောင် တစ်မျိုး
    သိအောင် တစ်မျိုး လှသူပေါ့ ။
    အနှယ်အမှုံထနေတဲ့ ည အပြာက
    ကြယ်သား နုနုထွတ်ထွတ်တွေကိုမှ
    စွဲ မက်သတဲ့ ၊
    သက်တန့်တွေ ၊ ကြယ်တွေ
    ပန်းပွင့်တွေ... သဘာဝလောကကြီးရဲ့
    ကိုယ်နေခါးကျတွေ ဘယ်လိုပဲ
    လှ,လှနေပေမယ့်
    သူကလေးကမှ အိနြေ္ဒရတာပါ ၊ သူ့မှာ
    စကားလုံးတွေလည်း လှပတယ်
    ပြီးတော့ တသွင်သွင် စီးဆင်းလို့ ၊
    ဂျွန့်ကို ပြောလိုက်ပါ
    ငါတို့ မြစ်ဆီ သွားဖို့ မလိုတော့ဘူး ။ ။
    မောင်သိန်းဇော်( ၁၉၉၅ )
    2 min
  • ဇာတိ(အန္တိမ) - ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ
    အသံနဲ့လဲ ရောက်ရပါစေ ….
    အလင်းနဲ့လဲ ရောက်ရပါစေ ….
    မကြည်ဖြူ …. ၊၊ ၊၊
    အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ
    မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊
    အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ
    မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊
    ပြီးတော့ ….
    ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
    ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊
    ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ
    ရူးသွားမိတယ် ထင်တယ်
    မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ
    ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့
    စာအုပ်တွေထဲမှာ
    အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊
    အရောင်တွေကို
    အသံနဲ့ကြားရပြီး ၊ အသံတွေကို
    အရောင်နဲ့ မြင်ခဲ့ရ …
    မကြည်ဖြူ သည်
    ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ….
    မကြည်ဖြူ သည်
    ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ….
    မကြည်ဖြူ သည်
    အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ….
    မကြည်ဖြူ သည်
    ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး …
    ဖြစ်သည် ၊၊
    “မကြည်ဖြူ ကို သိပ်ချစ်တာပဲ” လို့
    ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က
    ကိုယ့်ကိုကိုယ်
    စိတ်ဆိုးမိခဲ့သည် ၊
    ဘာ သား နဲ့ လုပ် ထား တဲ့
    လူ ကောင် လေး မို့ လို့ လဲ
    အ ချစ် ရေ . . . . .
    မ နာ လို ပါ ဘူး ကွယ် ၊၊
    မကြည်ဖြူ က
    ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ
    “အလင်း နဲ့ အမှောင်ဟာလည်း
    ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း”
    ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊
    ကျွန်တော်ဟာ
    မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော
    မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော
    ကဗျာစောင့်နတ်သား ပါ
    မကြည်ဖြူ ရယ် ၊၊
    မကြည်ဖြူ ကို
    နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
    စိတ်နဲ့တောင် ဝေးတဲ့နေရာကို
    ခေါ်သွားကြတော့မယ် .. တဲ့
    ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး
    ဆွံ့ – အ – ကြောင် – ကန်း
    ကျွန်တော်တို့
    တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ်
    မ ကြည် ဖြူ ။ ၊၊
    မကြည်ဖြူ ရှိနေတော့မယ့်
    ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ
    ပို လှ သွား တော့ မယ် ထင် တယ် ….
    . . . . . . . . . . . . . . . . . .
    “လေယာဉ်ပျံကြီးနဲ့မှ
    မဟုတ်ပါဘူး ….
    ပျံလွှားငှက်ကလေးနဲ့လည်း
    လိုက် ခဲ့ မယ် .. ၊၊ ၊၊”
    ………………………………..
    ခုတော့ …
    လက်ထဲက စက္ကူလေယာဉ်ပျံလေး
    လွှတ်လိုက်ရတာတောင်
    နာ နာ ကျင် ကျင် နဲ့
    ကျွန် တော် ….
    နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို
    မ သွား ရဲ ဘူး .. ၊၊ ၊၊
    ဘာ ပဲ ဖြစ် ဖြစ်
    မကြည်ဖြူ ရယ် …
    မကြည်ဖြူ ဟာ
    ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့
    ကျွန်တော်က မကြည်ဖြူကို
    နံရိုးတစ်ချောင်းပေးပြီး
    မကြည်ဖြူ က ကျွန်တော့်ကို
    နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ …
    ……. အဲ့ဒီ နှင်းဆီဖြူဖြူလေးအား
    ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး
    မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် …….
    ပြီး …
    မကြည်ဖြူ ၏
    လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်
    “ စာသံပေသံတော့ မပါဘူးကွယ်
    ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ
    မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့
    ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ”
    ဤ မှန်သော
    သစ္စာ ကဗျာ ကြောင့်
    ချစ် ရ ပါ သော မကြည်ဖြူ ရေ ….
    အသံနဲ့လဲ ကြားပါစေ
    အလင်းနဲ့လဲ မြင်ပါစေ
    မကြည်ဖြူ ရယ် ..၊၊ ၊၊
    - ဇာတိ (အန္တိမ)
    3 min
  • ဆပ်ရိပ် - ငါမင်းကိုသတိရတယ် ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်
    အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။ နွေရက်တွေမှာ တစ်ယောက်တည်း လူးလိမ့်ရင်း၊ မိုးရက်တွေမှာ စိုထိုင်းအုံ့မှိုင်းရင်း ၊ ဒီဇင်ဘာရောက်ရင် အေးစိမ့်မှုကို မျှော်လင့်ရင်းပေါ့။ သီချင်းတပိုင်းတစနဲ့ပဲဖြစ်ဖြစ် ရေမွှေးနံ့လေးကြောင့်ပဲဖြစ်ဖြစ် အရာအားလုံးပြန်မြင်ရဖို့ အရာဝတ္ထုသေးသေးလေးတွေကိုပဲ တကယ်တမ်းလိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ မင်းလိုပဲ လူတွေဟာ ဝင်ထွက်သွားလာနေမှာပေါ့။ပြီးတော့ မင်းရယ်သံတွေမှာ ငါတစ်ယောက်တော့ ပါဝင်ခြင်းမရှိတော့ဘူးပေါ့။
    ဆူညံနေတဲ့မြို့လယ်ခေါင်က ကားတွေလူတွေကို အကြောင်းပြချက်မရှိငေးရင်း မင်းအကြောင်း တွေးမိချင် တွေးမိနိုင်ပါတယ်။ မင်းအကြောင်းကို ရှောင်ချင်ရင် ရန်ကုန်မြို့ကိုပါ ငါရှောင်ပစ်မှရမယ်။လက်ဖက်ရည်ဆိုင် စားပွဲခုံတွေပေါ်မှာ ထားခဲ့တဲ့ တစ်ရှူးစတွေလိုမျိူး ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် လိုအပ်ရုံသာ လိုအပ်ခဲ့ပုံပဲ။ကော်ဖီတွေအေးသွားတာ ဘယ်လောက်ကြာပြီလဲဆိုတာကို ခဏခဏစဉ်းစားနေမိတယ်။ဘာ့ကြောင့်အေးသွားလဲဆိုတာကိုတော့ အလိုလိုနားလည်ရင်းနဲ့လေ။အာကာသထဲက အစိတ်အပိုင်းတွေ လွင့်မျောနေတာမှန်းသိနေပြီးပေမယ့်လည်း ကြယ်ကြွေနေတာတွေ့ရင် ဆုတောင်းချင်နေတဲ့ စိတ်လိုမျိုးပဲ။မင်းမပါပဲ နေရခြင်းဟာ အသားကျဖို့ လွယ်တယ်တော့မဟုတ်ဖူး။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်တာတွေ ၊ ချစ်ခြင်း မုန်းခြင်းတွေ စတဲ့ လူ့လောကရဲ့ ရှုပ်ထွေးတဲ့ စကားလုံးတွေကြားမှာ ရိုးရိုးသားသား ငါမင်းကိုသာ လိုချင်ခဲ့တာ ဝန်ခံပါတယ်။ဒါပေမယ့် သံယောဇဉ်ဟာ ဆွဲဆန့်လို့ရတဲ့ အရာဝတ္ထမဟုတ်လို့ ငါမင်းကို နှုတ်ဆက်ဖို့ပဲ ရွေးခဲ့တာပေါ့။
    လူတွေဘာလို့ ခွေးတွေကိုချစ်လဲဆိုတော့ ခွေးတွေက သူတို့စကားနားထောင်ပြီး ကျွန်လို နေထိုင်ပေးကြလို့တဲ့။နေ့စဉ်ဘဝရဲ့ ဟာနေတဲ့ကွက်လပ်တစ်ခုကို ချစ်ခြင်းတစ်ခုပေါင်းပြီး ဖြည့်စွက်ခြင်းပေါ့လေ။ ငါကတော့ ပွတ်သီးပွတ်သပ်မနေတတ်တဲ့ ကြောင်မလေးကိုပဲ သတိရနေမယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့လူတွေကြားထဲ အသံသေးသေးလေးနဲ့ ကြွတ်ဆတ်ဆတ် စကားပြောပုံ ၊ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ပုံတွေဟာ မင်းရဲ့သင်္ကေတလေ။ အဲ့ဒီ ရိုးသားမှုနဲ့ပဲ မင်းအမြဲပျော်ရွှင်နေမယ့်အကြောင်း ငါစိတ်ချခဲ့တာ။ ဒါက ထွက်သွားတာတွေ နေခဲ့တာတွေမဟုတ်ဖူး။ တစ်ယောက်ဘဝထဲ တစ်ယောက် မရှိကြတော့ရုံပဲ။ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုလေးပဲမှတ်လား။
    အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။မင်းရဲ့မျက်နှာကို ငါ့စိတ်အာရုံထဲမှာ ဖော်ကြည့်ဖို့တောင်ခက်ခဲလာမယ်။ မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။ မင်းအသံနဲ့တူတဲ့အသံကြားရရင် ငါလှည့်မကြည့်ဖြစ်တော့ဘူး။ ကောင်းကင်တစ်ခုတည်းအောက် အတူတူရှိနေတယ်ဆိုတာကလွဲလို့ ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။ငါမင်းကိုသတိရပါတယ်။ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။
    4 min
  • ဝင်းမြင့် - ရည်းစားစာ
    ကျွန်တော့်ရဲ့
    မခင်သစ်ပင် ။
    အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်
    ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
    ဘယ်သူ ကန့်လန့်ကာလဲ
    တောတောင် လျှိုမြောင် ပိတ်ကားရှေ့
    ကျွန်တော်အော်ခေါ်နေတာ
    အနှစ်သုံးဆယ် ။
    မခင်သစ်ပင်
    ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ်
    ပျော်ချင်လည်း ပျော်ရမယ်
    ကျွန်တော် တယော မထိုးတတ်ဘူး
    ရောမမြို့ကြီး မီးလောင်ရင်လည်း
    ကြည့်မနေနိုင်ဘူး
    ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
    ကျွန်တော်ဟာ ချစ်တတ်လို့ ။
    မခင်သစ်ပင်
    ကျွန်တော်တို့ နှစ်ယောက်ကြား
    ဘာကြောင့် ဘာသာပြန် တစ်ယောက် ခေါ်ထားသလဲ
    ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်း ချင်တယ်
    မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလည်း ခေတ်မရှိတော့
    အင်ကြင်းပင်ကလည်း ရှာရခက်တယ် ။
    ကျွန်တော့်ရဲ့ မခင်သစ်ပင်
    မခင်သစ်ပင် ပွင့်ပြမှာလား
    ကျွန်တော်ခုတ်ပစ်ရမလား
    ဒါမှ မဟုတ်ဘုရားမှာ လှူ မလား
    ကျွန်တော်နဲ့ ခင်ဗျားကြားမှာ
    ပန်းတစ်ပွင့် ခြားနေတယ် ။
    2 min
  • နေမျိုး - တစ်စုံတစ်ယောက်ကို သင် ချစ်တော့မည်ဆိုလျှင်
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက
    သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။
    အဲဒီအချက်ကို သိရှိပြီးရင် နောက်ထပ် သင်နားလည်ထားရမှာက လက်တွေ့မှာ
    သင် ခွဲဝေပေးနိုင်တာထက် အနည်းဆုံး၂ဆပိုပြီး အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    သူဝမ်းနည်းတဲ့အခါ သင် မျက်ရည်ကျရလိမ့်မယ်၊ သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာ ဖြစ်တယ်။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    သူ့ကိုမချစ်မိအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။
    ယနေ့ခေတ်မှာ မချစ်မိအောင်ကြိုးစားရင်း
    သံယောဇဉ်ဖြစ်သွားကြသူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လာပြီ ဖြစ်ပါတယ်။
    အချစ်ဆိုတာကတော့ နှစ်ယောက်တစ်ကမ္ဘာပါပဲ။
    အဲဒီကမ္ဘာရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အချစ်ကို သိရှိနားလည်ကြတယ်။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    သင်ဟာ တစ်သက်တာမှာ အထူးခြားဆုံး ဘာသာရပ်ကို သင်ကြားရတော့မယ်လို့ နားလည်လိုက်ပါ။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    သင့်အိတ်ထဲက ပိုက်ဆံတွေ လျော့လျော့သွားလိမ့်မယ်။
    သင်က ဒါကိုပဲ ပျော်ရွှင်နေဦးမှာဖြစ်တယ်လို့ ကြိုတင်အသိပေးလိုက်တယ်။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    နေမင်းကြီးထွက်ပေါ်လာပုံကို ပိုပြီးအဓိပ္ပာယ်ကြွယ်ဝစွာပင် နားလည်မိမှာ ဖြစ်တယ်။
    တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
    သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာဟာ မီးလောင်နေပြီး အဲဒီနေရာကို
    မီးသတ်ကားတွေဟာ ဘယ်တော့မှ ရောက်အောင်မသွားနိုင်ကြဘူးကွဲ့။
    2 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.