အသံနဲ့လဲ ရောက်ရပါစေ ….
အလင်းနဲ့လဲ ရောက်ရပါစေ ….
မကြည်ဖြူ …. ၊၊ ၊၊
အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ
မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊
အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ
မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊
ပြီးတော့ ….
ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊
ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ
ရူးသွားမိတယ် ထင်တယ်
မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ
ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့
စာအုပ်တွေထဲမှာ
အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊
အရောင်တွေကို
အသံနဲ့ကြားရပြီး ၊ အသံတွေကို
အရောင်နဲ့ မြင်ခဲ့ရ …
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ….
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ….
မကြည်ဖြူ သည်
အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ….
မကြည်ဖြူ သည်
ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး …
ဖြစ်သည် ၊၊
“မကြည်ဖြူ ကို သိပ်ချစ်တာပဲ” လို့
ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က
ကိုယ့်ကိုကိုယ်
စိတ်ဆိုးမိခဲ့သည် ၊
ဘာ သား နဲ့ လုပ် ထား တဲ့
လူ ကောင် လေး မို့ လို့ လဲ
အ ချစ် ရေ . . . . .
မ နာ လို ပါ ဘူး ကွယ် ၊၊
မကြည်ဖြူ က
ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ
“အလင်း နဲ့ အမှောင်ဟာလည်း
ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း”
ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊
ကျွန်တော်ဟာ
မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော
မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော
ကဗျာစောင့်နတ်သား ပါ
မကြည်ဖြူ ရယ် ၊၊
မကြည်ဖြူ ကို
နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
စိတ်နဲ့တောင် ဝေးတဲ့နေရာကို
ခေါ်သွားကြတော့မယ် .. တဲ့
ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး
ဆွံ့ – အ – ကြောင် – ကန်း
ကျွန်တော်တို့
တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ်
မ ကြည် ဖြူ ။ ၊၊
မကြည်ဖြူ ရှိနေတော့မယ့်
ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ
ပို လှ သွား တော့ မယ် ထင် တယ် ….
. . . . . . . . . . . . . . . . . .
“လေယာဉ်ပျံကြီးနဲ့မှ
မဟုတ်ပါဘူး ….
ပျံလွှားငှက်ကလေးနဲ့လည်း
လိုက် ခဲ့ မယ် .. ၊၊ ၊၊”
………………………………..
ခုတော့ …
လက်ထဲက စက္ကူလေယာဉ်ပျံလေး
လွှတ်လိုက်ရတာတောင်
နာ နာ ကျင် ကျင် နဲ့
ကျွန် တော် ….
နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို
မ သွား ရဲ ဘူး .. ၊၊ ၊၊
ဘာ ပဲ ဖြစ် ဖြစ်
မကြည်ဖြူ ရယ် …
မကြည်ဖြူ ဟာ
ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့
ကျွန်တော်က မကြည်ဖြူကို
နံရိုးတစ်ချောင်းပေးပြီး
မကြည်ဖြူ က ကျွန်တော့်ကို
နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ …
……. အဲ့ဒီ နှင်းဆီဖြူဖြူလေးအား
ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး
မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် …….
ပြီး …
မကြည်ဖြူ ၏
လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်
“ စာသံပေသံတော့ မပါဘူးကွယ်
ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ
မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့
ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ”
ဤ မှန်သော
သစ္စာ ကဗျာ ကြောင့်
ချစ် ရ ပါ သော မကြည်ဖြူ ရေ ….
အသံနဲ့လဲ ကြားပါစေ
အလင်းနဲ့လဲ မြင်ပါစေ
မကြည်ဖြူ ရယ် ..၊၊ ၊၊
- ဇာတိ (အန္တိမ)