Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • မောင်ဒေး - ဒီနေ့ မိုးကုပ်စက်ဝိုင်းဆိုတဲ့ စကားလုံးအကြောင်း ငါ စဥ်းစားတယ်
    မောင်ဒေး၏ ဒီနေ့ မိုးကုပ်စက်ဝိုင်းဆိုတဲ့ စကားလုံးအကြောင်း ငါ စဥ်းစားတယ် ကဗျာကို ရွတ်ဆိုခြင်း ဖြစ်ပါသည်။
    10 min
  • ရှိန်ဝါ - တစုံတယောက်ဟာ တစ်နေရာမှာ အကြာကြီးပဲထိုင်နေ
    တစုံတယောက်ဟာ
    တစ်နေရာရာမှာ အကြာကြီးပဲ ထိုင်နေတယ်
    တစုံတယောက်ဟာ
    ငိုင်ငိုင်ကြီးထိုင်နေပေမယ့်
    တခုခုကို ငေးနေတာလည်း မဟုတ်ဘူး
    တယောက်ယောက်ကို
    စောင့်နေတာလည်း မဟုတ်ဘူး
    တခုခုဖြစ်နေတာလည်း မဟုတ်ဘူး
    တစုံတယောက်ဟာ
    တစုံတခုမျှ လုပ်မနေတာသာဖြစ်တယ်
    ကြည့်မိသူ ငါ့အဖို့ကတော့
    တစုံတယောက်ကို
    တခုခုတော့ လုပ်စေချင်မိတယ်
    ကြီးကြီးငယ်ငယ် ဘာပဲဖြစ်ဖြစ်
    တစုံတယောက်ကိုကြည့်ရင်း ငါ့မှာ
    တစုံတခုဖြစ်လာတယ်
    တစုံတယောက်ရဲ့ သေနေတဲ့မျက်လုံးကိုယူပြီး
    တခုခုကို အရသာခံကြည့်ပေးလိုက်ရမလား
    တစုံတယောက်ရဲ့ စေ့ထားတဲ့နှုတ်ခမ်းကိုယူပြီး
    လေလေးချွန်ပေးလိုက်ရမလား
    တစုံတယောက်ရဲ့
    တွဲလောင်းကျနေတဲ့လက်ကိုယူပြီး
    လက်ဆစ်လေးတွေ ထိုင်ချိုးပေးလိုက်ရမလား
    တစုံတယောက်ရဲ့အရှေ့
    မြစ်တစင်း သွားချပေးလိုက်ရမလား
    တစုံတယောက်ရဲ့ နံဘေး
    တောအုပ်တအုပ် သွားပုံပေးလိုက်ရမလား
    တစုံတယောက်ရဲ့ ပတ်ဝန်းကျင်ထဲ
    လေပြင်းလေးတွေ ထည့်ပေးလိုက်ရမလား
    တခုခုပါပဲ တကယ့်ကို တခုခုပါပဲ
    တစ်နေရာမှာ
    အကြာကြီး ထိုင်နေတဲ့ တစုံတယောက်ကို
    တခုခုလုပ်စေချင်တာလေး တခုပါပဲ
    တစုံတယောက်ဟာ တစ်နေရာမှာ
    အကြာကြီး ထိုင်နေတုန်း
    အဲဒိတစုံတယောက်ကို
    နောက်ထပ်တစုံတယောက်က
    အကြာကြီးပဲ ထိုင်ကြည့်နေတော့တယ်။
    ၇၀
    ၂၀၁၇ စက်တင်ဘာ ၄
    2 min
  • မောင်ဒေး - သွေးထဲကဆား
    ငါ့ကိုကုမ်ရာသီရဲ့ ရေဖွေးဖွေးထဲမှာမွေးတယ်။
    လားတွေဟာအပျိုစင်မဟုတ်ပေမယ့် လူသတ်သမားဟာ
    ငါ့သူငယ်ချင်း။ ဂျေရုဆလင်မှာငါမနေဘူး။
    တရုတ်ပြည်လောက်ကြီးတဲ့ အံ့အားသင့်မှုဟာ ဝက်မျက်နှာနဲ့လာတယ်။
    မိဘမဲ့တွေရဲ့ချက်ကြိုးနဲ့ ကြိုးတစ်ချောင်းကိုငါကျစ်တယ်။
    ငါဟာအချက်အလက်။ မင်းမဟုတ်တဲ့အရာတိုင်းဟာ
    ငါ ဟုတ်လည်းဟုတ်တယ်၊ ငါ မဟုတ်လည်းမဟုတ်ဘူး။
    ဘုရင့်နောင်ရဲ့လှော်တက်ကို ကျစ်နေအောင်ကိုင်ထားပေါ့။
    ဂေါတမမြတ်ဗုဒ္ဓဟာ ပရိဘောဂမဟုတ်ဘူး။
    သမ္မတကြီးရဲ့ဖင်ကို ကြုံရင်ကြုံသလိုဆိတ်ကြရမယ်။
    ငါတို့မှာနည်းပညာရှိတယ်။ တောင်ပေါ်သူရဲ့
    ပလိုင်းထဲမှာ ကင်ဆာတွေအပြည့်။
    လူသေကောင်ပါးစပ်ကနေ ပိုးစုန်းကြူးထွက်လာတယ်။
    နိုင်ငံတော်အလံမှာ စပါးနှံပုံကိုငါတို့မလိုတော့ဘူး။ တစ်ယောက်က
    ခွေးအကောင် ၁ဝဝကို တစ်ကြိမ်ပြန်ကိုက်ပြီး နောက်တစ်ယောက်
    က ခွေးတစ်ကောင်ကိုအကြိမ် ၁ဝဝ ပြန်ကိုက်တယ်။
    ငါဟာအဲဒါကိုဘယ်လိုတပ်ဆင်ရမလဲဆိုတာရဲ့ငွေဝယ်ကျွန်။
    ငါလာပြီး ငါသွားတယ်။ ချစ်တတ်ရင် အချိန်မဖြုန်းနဲ့။
    ပါဝါဟာကဗျာဆရာကိုအစာခြေတယ်။
    ငါမထည့်ရသေးခင် သူအော်တယ်။
    မောင်ဒေး
    ၂၈ အောက်တိုဘာ ၂ဝ၁၂
    2 min
  • မောင်ဒေး - ဇွမ်ဘီ
    ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
    ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
    ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
    ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
    ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။
    လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
    ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
    နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
    တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
    အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။
    လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
    အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
    နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
    အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
    မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း
    ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
    မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
    ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
    ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
    နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ
    သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
    ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
    များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
    လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
    လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။
    ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
    ဇွမ်ဘီပေါ့။
    မောင်ဒေး
    ၂၂ ဒီဇင်ဘာ ၂ဝ၁၃
    2 min
  • ရှိန်ဝါ - ဟင်းချက်နည်းလမ်းညွှန်
    ဘတ်စ်ကားလက်ကိုင်ကွင်းကို လွတ်သွားတဲ့ ခဏမှာတင်ပဲ သူ့ကို ပြင်းပြင်းရှရှ သတိရမိတယ်။ ငါ ချော်လဲတော့ တကားလုံးက လူတွေ စိုးရိမ်တကြီးနဲ့ အရမ်းချစ်တယ်နော်လို့ လှမ်းအော်ကြတယ်။ ငါ့မှာ ငါးရာတန်ပဲရှိတော့ ဘတ်စ်ကားကနေ တဆင့် နိုင်ငံတော်ဆီမှာ အကြွေးသုံးရာ ရစရာရှိနေတယ်။ အဲ့ဒါ ငါ့ကောင်မလေးက ပြန်ဆပ်မှာပဲဆိုပြီး အေးအေးဆေးဆေး အိပ်နေလိုက်တော့တယ်။ မိုးရွာနေပုံက တကယ့်ကို အေးအေးဆေးဆေး၊ တချောင်းချင်းစီ ကျနေသလိုမျိုး။ မင်းဟာ အရသာသိပ်ရှိတဲ့ အီစိမ့်စိမ့် အုန်းနို့ခေါက်ဆွဲလေးဖြစ်ပြီး ငါက လတ်လတ်ဆတ်ဆတ် လှီးသင်ခံထားရတဲ့ ကြက်သွန်စိမ်းဖတ်လေးတွေပေါ့။ မိုးချောင်းတွေကို လှေကားလို နင်းတက်ပြီး ငါ ငိုတယ်။ အဲဒီမိုးရွာနေတဲ့အထက်မှာက မင်းမျက်နှာဝင်းဝင်းလေးလို နေသာနေတဲ့ ရာသီဥတု တခုရှိလိမ့်မယ်။ ဘတ်စ်ကားနံပါတ်ကို ငါမမှတ်ထားမိဘူး။ အဲဒီလို မှတ်မထားမိတဲ့ ကိစ္စတွေကို လမ်းထိပ်တရားပွဲက ဆရာတော်က ရှင်းပြရင် သိပ်ကောင်းမှာပဲ။ ငါ့မှာ ချွေးတွေ ရွှဲနစ်နေတော့ ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့။ ထီးကို ပိတ်လိုက်တော့ ထီးထဲမှာ ငါပျောက်သွားတယ်။ ငါတို့အတူသွားအိပ်နေကျ တည်းခိုခန်းရဲ့ ကုတင်ခေါင်းရင်းမှာ ဘယ်သူကပ်သွားမှန်းမသိတဲ့ ဝါးပြီးသား ပီကေကြီး ကပ်နေတယ်၊ အပြာရောင်ကြီး။ ကြက်ဥကြော်ကို နေလုံးလို့ သတ်မှတ်လိုက်တော့ ဒယ်အိုးထဲက ဆီပူထဲမှာ ကောင်းကင်ပြာကြီးကို ရှာနေမိတယ်။ မင်းက မီးဖိုခန်းထဲ အတင်းပြေးဝင်လာပြီး လက်ဆေးရေစင်မှာ စားထားသမျှတွေ အကုန်အန်တယ်။ နေလောင်ထားတဲ့ သူ့ကျောကုံးလေးကို တယုတယဖိပေးပြီး ဗမာပေါကားတွေထဲကလို ကိုယ်ဝန်ရှိနေတာလားလို့ ငါက နောက်လိုက်မိတယ်။ ကျွန်မ အစာမကြေတာက ရှင့်ကိုပဲလို့ သူက ဒေါသတကြီးနဲ့ ပြန်အော်တယ်။ သူ့သွားလေးတွေက လှလိုက်တာ။ ဒါကြောင့်လည်း ညဖက်အိပ်မပျော်တိုင်း သူ့သွားလေးတွေကို တချောင်းချင်းစီ ထိုင်ပြီးရေတွက်နေမိတာ။
    ရှိန်ဝါ
    ၁၈/၆/၁၉ ၁၀:၄၃
    3 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.