ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။
လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။
လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း
ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ
သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။
ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
ဇွမ်ဘီပေါ့။
မောင်ဒေး
၂၂ ဒီဇင်ဘာ ၂ဝ၁၃