လူတစ်ယောက်ရဲ့ အရည်အသွေးကို ဘာတွေနဲ့ တိုင်းတာလို့ရမလဲ? လူတစ်ယောက်ရဲ့ အရည်အသွေးကို ကုန်ပစ္စည်းတွေလိုမျိုး စံနှုန်းတွေနဲ့တိုင်းတာလို့မရတာကတော့ သေချာပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်သက်ဆိုင်ရာနယ်ပယ်မှာ အရည်အသွေး ပြည့်မှီတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြပါတယ်။ဒီအရည်အသွေးက နေ့ချင်းညချင်း ရလာနိုင်တဲ့ အရာမဟုတ်သလိုကိုယ်ဖန်တီးခဲ့ဖူးတဲ့ အကောင်းဆုံး လက်ရာတစ်ခုနဲ့လဲ သတ်မှတ်လို့မရပါဘူး။ တချို့ကကိုယ်အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အလုပ်တစ်ခုနဲ့ ကိုယ့်ရဲ့ အရည်အသွေးကို သက်သေပြချင်ကြပါတယ်။ တကယ် တော့အရည်အသွေးကိုကိုယ့်ရဲ့masterpiece တစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။ဘတ်စကတ်ဘောကစားသမားတစ်ယောက် က အဝေးဆုံး အကွာအဝေးကနေ ဘောလုံးကို ပိုက်ထဲ ဝင်အောင်တစ်ခါထည့်ဖူးရုံနဲ့ သူ့က အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်အခြေနေဘယ်နေရာမှာမဆို ဘောလုံးကို ဝင်အောင်ထည့်နိုင်မှသာ သူ့ရဲ့ အရည်အသွေးကို အသိ အမှတ်ပြုလို့ရမှာပါ။ဒါကြောင့်အရည်အသွေးကို အကောင်းဆုံးလက်ရာတစ်ခုနဲ့ မသတ်မှတ်နိုင်ဘဲ ဒီလို လက်ရာကို ဘယ်လောက် ထိအကြိမ်ပေါင်းများစွာ လုပ်နိုင်လဲ၊ ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်လဲဆိုတဲ့အရာတွေနဲ့ တိုင်းတာပါတယ်။