လက်ဖက်ရည်ချို . Laphatyaycho

လက်ဖက်ရည်ချို . Laphatyaycho

By ChoArtsBooks
Download on the App Store

လက်ဖက်ရည်ချို . Laphatyaycho episodes

  • နွေဦးပေါက်ရင် (ကဗျာဆရာစိတ်ကူး)
    နွေဦးပေါက်ရင်
    (ကဗျာဆရာစိတ်ကူး)
    နွေဦးပေါက်ရင်
    ကြက်တူရွေးတစ်ကောင်မွေးမယ်
    သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
    ““ဆာတယ် ဆာတယ်””လို့။
    နွေဦးပေါက်ရင်
    အော်စတင်ကားလေးမောင်းမယ်
    ဟစ်တလာမိန့်ခွန်းပြောသံကို
    ကားဟွန်းသံအဖြစ်တပ်ဆင်ထားမယ်
    တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
    နွေဦးပေါက်ရင်
    သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
    သစ်ရွက်ကြွေတွေပေါ်မှာ
    အင်္ဂလိပ်ဘာသာနဲ့
    မင်းနာမည်ကို ငါရေးမယ်။
    နွေဦးပေါက်ရင်
    ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
    ပုံပြင်တွေ အော်ဖတ်မယ်
    စိတ်ကောင်းလည်း ဝင်မယ်။
    နွေဦးပေါက်ရင်
    ပြဇာတ်တစ်ပုဒ်ရေးမယ်
    စုဘူးလေးကိုခွဲမယ်
    ပြားစေ့လေးတွေ ရေတွက်မယ်။
    တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း
    ကိစ္စမရှိပါဘူး
    ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာသွားပေါင်မယ်
    ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
    ဝယ်ခြုံနေမယ်ကွယ်။ ။
    နေမျိုး
    2 min
  • တနေ့မှ မေ့မရသူလေးသို့
    တစ်နေ့မှ မေ့မရသူလေးသို့
    ___________________ ပိုင်စိုးဝေ
    လူတစ်ယောက်မှာ
    သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
    ရှိသင့်တယ်မဟုတ်လား။
    အရာရာဟာ
    မြေကြီးပေါ်တုတ်ချောင်းနဲ့ ရေးခြစ်ထားသလို
    ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။
    မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
    ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
    ဒါဆို
    သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
    ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
    လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
    ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
    ဘယ်အရာပေါ်မှာမှ
    ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
    ငှက်တစ်ကောင်ဟာ
    ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
    နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
    တစ်နေ့မှ မေ့မရသူလေးရေ
    သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
    အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
    တောင့်ခံထားရသူပါ။
    ငါက ဂျူးလိယက်ဆီဆာလိုပဲ
    ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
    ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
    ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
    သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
    မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
    ပိုင်စိုးဝေ
    ကလျာမဂ္ဂဇင်း
    ဒီဇင်ဘာ၊ ၁၉၉၇
    2 min
  • အချစ်
    သူက ငါ့ကိုပေးပေး မပေးပေး ငါ့နှလုံးသားက ရပြီးသား။ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်ခဲ့တယ်။ မတုံ့ပြန်သောအချစ်ဟာ ဩဇာ အရသာ လေးနက်မြဲ။ ငါ့မှာ မရသေးပေမယ့် ရခဲ့ပါပြီ။ - အောင့်ချိမ့်
    1 min
  • မောင်ချောနွယ်အတွက် မနေနိုင်လို့ ရေးတဲ့ကဗျာ
    မောင်ချောနွယ်အတွက် မနေနိုင်လို့ ရေးတဲ့ကဗျာ (အောင်ချိမ့်)
    မိုးတွေရွာပေါ့
    အဲသလို မိုးတွေရွာတုန်းတနေ့မှာ
    ဖော်ဝေးဟာ
    ထွက်ခွာသွားပါတယ်။
    အဲသလို မိုးရွာတုန်းမှာပဲ
    ကိုလေးအောင်လဲ
    ထွက်ခွာသွားခဲ့ပါတယ်။
    ခုတခါ မောင်ချောနွယ်
    သူငယ်ချင်း မောင်ချောနွယ်
    နှစ်ပေါင်း ၃၀ ကျော်
    ငါတို့ချီတက်ခဲ့ကြရာမှ
    မင်း ထွက်ခွာသွားပေါ့။
    သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
    ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။
    အဲဒါကြောင့်
    ငါတို့ ရယ်ခဲ့ကြရတယ်။
    သူဟာ သူငယ်ချင်းတွေကို
    အမြဲ မနာလိုရှိခဲ့တယ်။
    အဲဒါကြောင့်လည်း
    ငါတို့ ရယ်ခဲ့ကြတယ်။
    သူဟာ အများသိ ကဗျာဆရာပေါ့
    ဒါပေမယ့် အဲဒီထက်မက
    သူဖြစ်ချင်ခဲ့လို့
    ကဗျာတွေ အများကြီး ရေးခဲ့တယ်။
    ငါတို့ ကဗျာတွေ အများကြီး
    ဖတ်ခဲ့ရတယ်။
    အဲသလို ရယ်စေ
    ကဗျာတွေဖတ်ရစေတဲ့…….
    …………………အဲ့ဒီနေရာမှာ
    ငါ့ ကဗျာဟာရပ်သွားတယ်။
    ငါ ဘာဆက်ရေးရမလဲ
    ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
    ငါ့ ကလောင်ကို ခဏချ
    ငေးတိ ငေးရာ ငေးရတယ်။
    သြော်… မောင်ချောနွယ်
    သူဟာ အဆင်မပြေခဲ့ပါ
    မတည်ငြိမ်မှုထဲမှာ
    ဆောက်တည်ရာ မရခဲ့ပါဘူး။
    ဖန်ခွက်တခွက်နဲ့
    အရက် တခွက်တခွက်နဲ့
    သွေး တစက် တစက်နဲ့
    ဘ၀ တဆတ်ဆတ် ကတုံကယင်နဲ့
    ငြင်းပယ် ခံရမှုနဲ့
    လှည့်လည် တောင်းခံရမှုနဲ့
    တကိုယ်လုံး ထိုးအပ်လိုက်ရမှုနဲ့
    နောက်ဆုံးတော့ ပါးလျား သေးသေးလေး
    သေးသေးလေး အစက်လေး တစက်
    အစက် တစက်။
    အဲဒီ အစက်လေး တစက်အထိ
    ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။
    သြော်… သူငယ်ချင်း
    ခုလည်း
    မိုးတွေ မည်းလို့
    မိုးတွေ ရွာပေါ့။
    ‘ သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ’ ဆိုတဲ့
    သူငယ်ချင်း
    မင်းသေတော့ ငါ ငိုမထွက်ခဲ့ပါ
    ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ
    ငါတို့ ဘဝတွေမှာ
    ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။
    အိမ်မှာ ပန်းချီကားတချပ်
    တိမ်ပြာထဲ ခေါင်းအုံးတလုံး
    အဲဒီမှာ ခေါင်းအုံးကာ
    မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။
    ရယ်စရာပါ သူငယ်ချင်း
    ငိုစရာလည်း ပါပါလိမ့်မယ်
    လူငယ်လေးတယောက် မူးတိုင်းရွတ်ပြတယ်
    “ မင်းတို့ ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
    ကွယ်လွန်ပြီဆို
    ခု.. ဘယ်မှာရှိတော့လို့တုန်း” တဲ့
    ပြက်လုံးပါ။
    ဟုတ်ပါတယ်
    မောင်ချောနွယ် မရှိတော့ပါ။
    သြော်.. သူငယ်ချင်း
    ခုလည်း
    မိုးတွေ မည်းလို့
    မိုးတွေ ရွာပေါ့။ ။
    3 min
  • ဂတ်ဆိုလင်
    ဂက်ဆိုလင် (မောင်ဒေး)
    ငါ့အကြောင်းကို ငါကောင်းကောင်းသိတယ်။
    ငါ မရောက်တဲ့ နေရာတိုင်းကို ငါ့ရဲ့ အမျိုးသားရေးစိတ်ဓာတ်က ရောက်တယ်။
    လူ ၂၃ ယောက်ကို မီးရှို့သတ်ကြတဲ့ပွဲမှာ ငါ့နာမည်ကို အော်ကြတယ်။
    မမြင်ရတဲ့ အရာတွေမှာ ဘုရားသခင် ကိန်းအောင်းလျက်ရှိပြီး
    မြင်ရတဲ့ အရာတွေကို ငါက အသားလှီးဓား လုပ်ပစ်လိုက်တယ်။
    ဒါက ငါ့ရဲ့ဓားရိုး၊ ဒါက ငါ့ရဲ့ဓားဦး၊ ဒါကတော့ ငါ့ရဲ့သွေး မဟုတ်ဘူး။
    စိတ်က သွားသမျှ ကိုယ်က မလိုက်နိုင်ဘူး။
    နေရူဒါဟာ ငါသွားသမျှ အပျော်ခန်းတိုင်းကို လိုက်တယ်။
    ငါစားသမျှ ဟင်းသီးဟင်းရွက်တိုင်းဟာ အမှောင်ထဲမှာ နိုးလာပြီး
    မည်းသွားတယ်။ သရဲမှန်ရင် အမည်းသား ကြိုက်ရမယ်။
    ငါ့ရဲ့အကြောင်းကို ဒေဝဒတ် သိတယ်။
    ထမင်းထုပ်ဝေတဲ့ အချိန်ဟာ ငါ့ရဲ့ ဒေသစံတော်ချိန်။
    ဒေဝဒတ်က သူ့ကိုမြိုထားတဲ့မြေကို လှန်တယ်။
    ငါ့ရဲ့ ရည်းစားဟောင်းက ငါ့ရဲ့ပုဆိုးကို လှန်တယ်။
    ဒါက ငါ့ရဲ့ပေါင်ရင်း၊ ဒါက ငါ့ရဲ့ဘော၊ ဒါက ငါ့ရဲ့ယာလာ၊ ဒါက ငါ့ရဲ့မောင်းတော။
    ရည်းစားဟောင်းဟာ ငါ့ရဲ့ဆံပင်တုကို ဝတ်ကြည့်တယ်။ မတော်ဘူး။
    ငါဟာ သင်းခွေချပ်တွေနဲ့ အသင်းအပင်း ဖွဲ့တယ်။ ငါ့ရဲ့ ရာဂစိတ်အတွက်
    တိုက်ပွဲဝင်တယ်။ ငါ့မှာ သွားမရှိဘူး။ ဧရာမ တီကောင်ကြီးဟာ
    ငါ့ရဲ့လျှာ ဖြစ်တယ်။ ငါကိုယ်တိုင်ဟာ ငါမြင်ချင်တဲ့ အပြောင်းအလဲ။
    နွားရိုင်းတစ်ကောင်ရဲ့ ကိုယ်ထဲမှာ ငါ အိပ်ရာကထပြီး
    နွားရိုင်းတွေကို ချိုကနေကိုင်ကာ မောင်းနှင်တယ်။
    ရှမ်းပြည်မှာ ငါဘိန်းစိုက်တယ်။ မန္တလေးမှာ နိုက်ကလပ်ဖွင့်တယ်။
    ငါရေးခဲ့တဲ့ ကဗျာတွေကို ငါမသိတော့ဘူး။
    ငါမီးရှို့ခဲ့တဲ့ လူအရေအတွက်ကို ငါမမှတ်မိတော့ဘူး။ ။
    ၁၄ ဧပြီ ၂ဝ၁၃
    ဂက်ဆိုလင် = Gasoline
    ယာလာ = Yala Province in Southern Thailand
    2 min
  • ရော့ခ်အင်ရိုးလ်နဲ့ အပေါစားအရက်
    ရော့ခ်အင်ရိုးလ်နဲ့ အပေါစားအရက်
    (စောလူအတွက်)
    _______________________________________
    မင်းတစ်နေ့ ကံကောင်းခဲ့ရင်
    မင်းရဲ့ဦးခေါင်းထဲမှာ ပေါက်နေတဲ့ အုန်းတောစိမ်းစိမ်းကို မြင်ခွင့်ရမယ်
    မင်းရဲ့မျက်လုံးထဲမှာပွင့်မယ့် ဘုရားကို ဖူးခွင့်ရမယ်
    နေကြာပွင့်ထဲမှာ နေထိုင်ခွင့်ရမယ်
    ယင်မည်းတွေကို မင်းရဲ့ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်ခွင့်ရမယ်
    သူငယ်ချင်းတစ်ယောက်က ပင်လယ်ထဲကို ဆိုင်ကယ်နဲ့ ဆင်းသွားတယ်
    သူငယ်ချင်းတစ်ယောက်က မိကျောင်းတံဆိပ် စက်ဘီးကလေးကို တွန်းပြီး
    ဆယ်စုနှစ် တစ်ခုကြာအောင် လမ်းပျောက်နေခဲ့တယ်
    သူငယ်ချင်းတစ်ယောက်က သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်သွားတယ်
    သူငယ်ချင်းတစ်ယောက်က စာသင်ခုံပေါ်မှာ ကြမ်းပိုးတစ်ကောင်ဖြစ်သွားပြီး
    သူငယ်ချင်းတစ်ယောက်က အိမ်တစ်အိမ်မှာ ရွှေငါးတစ်ကောင်ဖြစ်သွားတယ်
    မင်း တစ်နေ့ ကံကောင်းခဲ့ရင်
    မင်း ဆုံးရှုံးခဲ့ရတဲ့အရာတွေကို မင်း ပြန်ရလိမ့်မယ်
    မင်းရဲ့ ဆံပင်ဟာ မိုးပေါ်ကို ဆန့်တန်းပြီး တက်နေလိမ့်မယ်
    သေနတ်ပြောင်းတွေ ကွေးညွှတ် သွားကြလိမ့်မယ်
    တိုက်လေယာဉ်တွေဟာ မင်းနာမည်ပါတဲ့စာတန်းကို လွှင့်ထူပြီး အုပ်စုဖွဲ့ ပျံသန်းကြလိမ့်မယ်
    စကြာ၀ဠာရဲ့ နှလုံးသားဟာ တဘုတ်ဘုတ် ပြန် ခုန်လာလိမ့်မယ်
    ကျည်ဆန်မှန်ပြီး သေသွားတဲ့သူငယ်ချင်း ငါ့ဆီ ရောက်လာတယ်
    သူ့ရဲ့ ရင်ဘတ်ပေါ်မှာရှိတဲ့ အပေါက်ကြီးထဲကနေ လမင်းကို ငါ မြင်ရတယ်
    သွားနေကျ စားသောက်ဆိုင်ကို ငါတို့ ရောက်သွားတော့
    ငါက ဂဏန်းမဆလာကို မှာစားတယ်
    သူက ဂဏန်းမဆလာဟင်း လာပို့တဲ့ စားပွဲထိုးကို စားတယ်
    ဇွန်းတွေ ခက်ရင်းတွေ ဓားတွေကို စားတယ်
    ငါက အပေါစားအရက်ကို မှာသောက်ပြီး မူးတယ်
    သူက မိုးရေတွေကိုသောက်ပြီး မြစ်တွေကို အန်တယ်
    ခေတ်ကြီးကို မကျေနပ်ဘူးလို့ ပြောတယ်
    ပြီးတော့ အရေးကြုံတဲ့အခါ သူ့ရင်ဘတ်ပေါ်က အပေါက်ကြီးကို
    ငါ့ရဲ့ အရေးပေါ်ထွက်ပေါက်အဖြစ်သုံးဖို့ ငါ့ကိုပြောတယ်
    မင်းတစ်နေ့ကံကောင်းခဲ့ရင်
    မီးပြတိုက်ပါတဲ့ ကမ်းခြေတစ်ခုဖြစ်လာလိမ့်မယ်
    ငှက်အပေါင်း ထောင်သောင်းဟာ မင်းဆီမှာ ဆင်းသက်ပြီး
    မင်းရဲ့ ရေကို သောက်သုံးကြလိမ့်မယ်
    မင်းတစ်နေ့ကံကောင်းခဲ့ရင်
    သူရူးတစ်ယောက်ဖြစ်လာလိမ့်မယ်
    မြို့လယ်ကောင်နဲ့ လက်ထပ်ခွင့်ရလိမ့်မယ်
    မင်းရဲ့ အိတ်ကပ်ထဲက တစ်သျှုးစတွေပေါ်မှာ ကဗျာတွေ ရေးထားလိမ့်မယ်
    စားသောက်ဆိုင်ထဲမှာထိုင်နေတဲ့ သူငယ်ချင်းတွေ
    တစ်ယောက်ပြီးတစ်ယောက် မှိန်ဖျော့ ပျောက်ကွယ်သွားတယ်
    သူတို့ကို စျေးထဲမှာ ငါ လိုက်ရှာတယ်
    လူနာဆောင်တွေထဲမှာ ငါလိုက်ရှာတယ်
    မိန်းမတွေရဲ့ ၀မ်းဗိုက်ထဲမှာ ငါ လိုက်ရှာတယ်
    အိမ်အပေါ်ထပ်မှာ ငါ လိုက်ရှာတယ်
    အိမ်အောက်ထပ်မှာ ငါ လိုက်ရှာတယ်
    မြေကြီးနဲ့အလင်းရောင် ထိတဲ့နေရာတွေမှာ ငါ လိုက်ရှာတယ်
    တစ်နေ့ မင်းရောငါရော ကံကောင်းခဲ့ရင်
    ငါတို့ချိန်းဆိုထားတဲ့ နေ့ရက်မှာ
    လမ်းမီးတိုင်တွေထဲကနေ လျှာတွေ ထွက်လာပြီး
    ငါတို့ရဲ့ အိမ်အပြန်ကို ကြိုဆိုပါတယ်လို့ ပြောလိမ့်မယ်
    ငါတို့အတွက်ဆိုပြီး ရောခ့်အင်ရိုးလ်ကိုလည်း တီထွင်ပေးလိမ့်မယ်။
    -မောင်ဒေး
    IDEA Magazine ၊ ဇူလှိုင် ၊ ၂၀၁၇
    3 min

About လက်ဖက်ရည်ချို . Laphatyaycho

From the publisher's feed

ကဗျာ တကျိုက်လောက် ဝင်မော့ သွားပါဦးလား