
Sign up to save your podcasts
Or


ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။
Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။
ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကောက်သူတွေ ရှိခဲ့ပါတယ်။ ယခုကာလမှာဆိုရင် ပိုလို့တောင် များပါသေးတယ်။ အဲ့လို လူတွေဟာ အခုဆို ကောင်းကင်မှာ တရှိန်ထိုးတောက်ပနေတဲ့ ကြယ်တွေ မကြွေစေဖို့အရေး နိုင်ရာတာ၀န်ကို မျှထမ်းနေကြပါတယ်။ ရှိသမျှ ရှာထားသမျှတွေကို ချရင်းပြီး လောင်းကြေးထပ်ခဲ့တဲ့ ဆရာဇင်ဇေလွင်ရဲ့ တော်လှန်ရေးခရီး ဒုတိယပိုင်း ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံကို ကြိုးစားဖန်တီးပေးလိုက်ပါတယ်။ နားဆင်ရင်း နွေဦးတော်လှန်ရေးအတွက် တွေးနိုင် ကြံနိုင် အားဖြည့်နိုင်ကြပါစေခင်ဗျာ။
ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို
သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သူတဦး။
ဆရာဇင်ဇေလွင်ဟာ တချိန်က စစ်ကောင်စီကို ဆွေးနွေးညှိုနှိုင်းပြီး တရားမ၀င် အာဏာသိမ်းမှုကို အဆုံးသတ်နိုင်သည်ဟု ယုံကြည်ဖူးသည်။ ကိုယ့်ဘ၀ကိုယ် ပြောင်းလဲနိုင်စွမ်းသည် အစိုးရတွင် မရှိဘဲ မိမိကိုယ်တိုင်တွင်သာ ရှိသည်ဟု လက်ခံပြီး ဘ၀ကို ရုန်းကန်တည်ဆောက်ခဲ့သူမို့ ကိုယ့်စိတ်ဖြင့် စစ်တပ်ကို နှိုင်းပေးခဲ့သည်။ သို့သော် သူမျှော်လင့်ထားသလောက် မြန်မာစစ်တပ်တွင် အတွေးအခေါ် အမျှော်အမြင်မရှိကား အစအနပင် မရှိပေ။
ဆရာဇင်ဇေလွင်၏ ပြောင်းလဲပြုပြင်တတ်သည့်စိတ်ထားကို ကျတော်တို့ podcast တွင် လေးစားဖွယ်တွေ့ရသည်။ ယခု နွေဦးတော်လှန်ရေးတွင် ဆရာသည် ခံယူချက်အချို့ကို အတွေ့အကြုံနှင့် သုံးသပ်ချက်အပေါ်မူတည်ပြီး လက်ခံပြောင်းလဲတတ်သည်ကိုလည်း မြင်ရသည်။
တိုင်းရင်းသားပြည်သူများနှင့် လက်နက်ကိုင် းအဖွဲ့အစည်းများက ဗမာလူမျိုး၏ လူစွမ်းကောင်းဝါဒကို ကြောက်သည်။ ကောက်ရိုးမီးစိတ်ဓာတ်ကို ကြောက်သည်။ ထို့ကြောင့် ဗမာလူထုဟာ စစ်တပ်အမြစ်မပြတ်မချင်း ရှေ့ဆက်မည်လော ဟူသည့် အတွေးရှိသည်။ ထိုအတွေးအခေါ်ကို ချေဖျက်နိုင်သည်မှာ ပြည်သူလူထု၏ တော်လှန်ရေးအပေါ် တစိုက်မတ်မတ် အားစိုက်တတ်ခြင်းသည်သာလျှင်ရှိသည်ဟု ဆရာဇင်ဇေလွင် ပြောသည်။
နွေဦးတော်လှန်ရေးအတွက် ဆရာဇင်ဇေလွင်ပြောပြသော အတွေ့အကြုံ အတွေးအခေါ်နှင့် အချက်အလက်များသည် အလွန်တန်ဖိုးရှိပြီး အထောက်အကူပြုသောကြောင့် ဆက်ဆက်နားဆင်ပေးရန် ကျတော်တို့
တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်မှ တိုက်တွန်းတင်ဆက်လိုက်ရပါတယ်။
သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။
မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။
ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရှက်တတ်ပြီ။ ကိုနစ်ကီ စစ်သင်တန်းတက်သည်။ စစ်လက်နက်တပ်ဆင်ရေးလုပ်သည်။ နည်းပညာသမားပီပီ နည်းပညာအကူအညီပေးသည်။ လက်ရှိအချိန်တွင် နိုင်သမျှ အကုန် ကြုံးလုပ်ရင်း စစ်အာဏာရှင် အမြစ်ဖြတ်ပွဲကို ပါ၀င်နေသည်။ ရေပေါ်ဆီသူငယ်ချင်းတွေအတွက် စကားလက်ဆောင်အချို့လည်း ပါးလိုက်သေးသည်။ အနုပညာရှင်များ အချိန်မတန်ဘဲ ကြွေလွှင့်ရမှုအပေါ် သူကြေကွဲရသည်။
တမိသားစုလုံးပြေးနေရသော်လည်း ကိုနစ်ကီ စိတ်မပျက်၊ ရှေ့ဆက်ဆဲပင်ဖြစ်သည်။ သူလိုလူမျိုးများစွာ နွေဦးတော်လှန်ရေးတွင် ပါ၀င်နေကြသည်။
ဆက်လက် ပါ၀င်နေကြလိမ့်အုံးမည်။
ကိုထက်၊ စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက်။ ထိုဘွဲ့ကို လွယ်လွယ်နဲ့ ရသည်မဟုတ်။ ကျန်းမာရေးမကောင်းတဲ့ အဖေ ကားထွက်ပြီး အမကြီး အလုပ်လုပ်၊ အမေက ချွေချွေတာတာဖြင့် ပံ့ပိုးပြီး သူရခဲ့သော အင်ဂျင်နီယာဘွဲ့။ နည်းပညာကို စိတ်၀င်စားပြီး စာဖတ်ခြင်းနဲ့ ဂီတကို ခုံမင်သော ကိုထက်။ ဦးသိန်းစိန်၊ အမေစု ဒီမိုကရေစီ အစိုးရလက်ထက်များတွင် ၀င်ရောက်လာသော နိုင်ငံခြား telecom company တခုတွင် မဆိုးလှသော လစာနှင့် လုပ်ငန်းအတွေ့အကြုံရသည်။ သို့သော် သူအိပ်မက်တွေ ကြာကြာမက်ခွင့်မရှိ။ COVID နှင့် အာဏာသိမ်းမှုက အကုန် ဖျက်ဆီးသွားသည်။ ကင်ဆာသည် မိခင်က မကောင်းတဲ့ခေတ်ကာလကို မရောက်ခင် အားလုံးကို နှုတ်ဆက်ထွက်ခွါသွားသည်။ ထို့နောက် စစ်အာဏာရှင်၏ အာဏာသိမ်းမှုကို တဖက်တလမ်းက ဆန့်ကျင် ဆန္ဒပြရင်း ကျန်းမာရေးချူချာသော ဖခင်ကို စောင့်ရှောက်ခဲ့သည်။
ထို့နောက် ဖခင်ဆုံးပါးပြီး ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချလိုက်သည်။ မြန်မာနိုင်ငံတွင် ဆက်နေ၍ မဖြစ်တော့။ ကြိုးကြိုးစားစား ရထားသော ဘွဲ့နှင့် လုပ်သက် အတွေအကြုံများက စစ်အာဏာရှင်လက်အောက်တွင် ဘာတန်ဖိုးမှ မရှိ။ အင်ဂျင်တစ်ယောက်ကို လစာ ၁သိန်း ၈သောင်း( တလ $ ၅၀) ခန့်ဖြင့် သတင်းစာမှ တရား၀င် ခေါ်နေသော နိုင်ငံတွင် သူ့အတွက် နေရာ မရှိတော့။ တွယ်တာစရာ မိခင်ရော ဖခင်ပါမရှိ၊ အမနှင့် ညီငယ်ကလည်း တနေရာစီ။ သူ့အသက်မွေး၀မ်းကြောင်းနှင့် ဘာမှမဆိုင်သော အရာတခုကို မျက်စိမှိတ် ရွေးရင်း နိုင်ငံရပ်ခြားတွင် စာဖိုမှူးတစ်ယောက်ဖြစ်လာသော စက်မှုအင်ဂျင်နီယာဘွဲ့ရ ကိုထက်။ လောကကြီးကို ခက်ထေ့ထေ့ အမြဲပြုံး၍ကြည့်တတ်သောသူ၊ ထိုသူ၏ ဘ၀အချို့အကွေ့ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်တွင် နားဆင်နိုင်ပါပြီ။
သူမအမည်ကား ငြိမ်း။ အမည်နာမက ငြိမ်းဆိုပေမယ့် သူမကား တဇွတ်ထိုးသမား။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူ၊ ရည်ရွယ်ချက်ကို လက်မလျော့တတ်သူ။ သူမ၏ စိတ်ပိုင်းဖြတ်မှုဖြင့် မိဘပြောသော ဆရာ၀န် အင်ဂျင်နီယာဆိုသော ဘ၀တွေကို မျက်ကွယ်ပြုပြီး photo Journalist ဘ၀ထဲကို ခုန်၀င်ခဲ့သည်။
သူမ ဘ၀ကို ပုံမှန်ဖြတ်သန်းနေရသော်လည်း သူမခုံမင်သည်။ မငြိမ်း မမြင်သည်ကား သူမကို စောင့်ကြိုနေသော ဘ၀လှည့်ကွက်များ သမိုင်းဓာတ်ပုံများ။ သူမပြောပြသည်ကား " ကျမကိုယ်ကျမ စစ်ထဲမှာ သတင်းယူရသလို ဓာတ်ပုံတွေရိုက်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး၊ အခုက တကယ့် စစ်ပွဲထဲရောက်နေသလိုပဲ။ ပြဿနာက တဖက်က လက်နက်နဲ့၊တဖက်က လက်နက်မဲ့"။
အမှတ်တရမဖြစ်ချင်သော အမှတ်တရများထဲမှ လှိုင်သာယာအကြောင်းကို သူမ ပြည့်ပြည့်စုံစုံ ပြောပြသွားသည်။ စိတ်ရောကိုယ်ပါ ချုံးချုံးကျခဲ့ရသော သူမရဲ့ ဘ၀ကို ဘယ်၍ဘယ်ပုံ ပြန်လည်ပြုပြင်ခဲ့ရသည်ကို မျှဝေခဲ့သည်။
သူမ၏ သမိုင်းတမျက်နှာကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။
ကိုဒေးဗစ်၏ မွေးရပ်မြေကား ချင်းပြည်နယ်။ အလွန်လှသော ပတ်၀န်းကျင်နှင့်အလွန်ရိုးသားကြိုးစားသော လူများရှိရာနေရာ။
စား၀တ်နေရေးအတွက် မွေးမြူရေး၊စိုက်ပျိုးရေးကို တစိုက်မတ်မတ် အားကြိုးမာန်တက် လုပ်ကိုင်ကြပြီး ပညာရေး၊ ကျန်းမာရေးကို ခက်ခက်ခဲခဲ ကြိုးစားကြရသော နေရာ။
စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနိုပ်မှုကို ခါးစီးခံပြီး ဘ၀ကို ခက်ခက်ခဲခဲ အသက်မွေးရသော နေရာ။
ကိုဒေးဗစ်ဟာ သူ့ဘ၀ကို အရှုံးမပေး၊ ဆရာ၀န်တစ်ယောက်ဖြစ်လာသည်အထိ ရုံးကန်ခဲ့သည်။ ထို့နောက် မွေးရပ်မြေကို ပြန်ပြီးအလုပ်အကျွေးပြုသည်။ ကျန်းမာရေး ပညာရေး ချို့တဲ့သော သူ့လူမျိုးတိုးတက်ရေးအတွက် အလွန်ကြိုးပမ်းအားထုတ်နေသူလည်း ဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးမှာ ချင်းတောင်တန်းဒေသဟာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နေသော နေရာတစ်ခုဖြစ်ပြီး အကျိုးဆက်အနေနဲ့ အစားအစာ ၊ဆေးဝါးနဲ့ ထောက်ပံ့ရေးပစ္စည်းမှန်သမျှကို ဖြတ်တောက်ခံနေရတဲ့နေရာလဲဖြစ်ပါတယ်။
ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးပင်ရှာမရ၊ မရှိ၊ရှိတာသုံးပြီး ရှေ့ဆက်နေသော သူတို့ရဲ့ဘ၀၊ လွတ်လပ်ရေးရပြီးကတည်းက ဆုံးရှုံးလိုက်ရသော သူတို့ရဲ့ လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ပြန်လည် မျှော်လင့်ရနိုင်သော နွေဦးတော်လှန်ရေးအတွက် ချင်းတမျိုးသားလုံးဟာ ကြံ့ကြံ့ခံထားဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀တွေ၊မျှော်လင့်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ တစိတ်တပိုင်းကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။
ပြည်သူ့၀န်ထမ်းဘ၀ကို နှစ်ချိုက်သူ၊ မြန်မာပြည်၏ ၀န်ထမ်းများ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်ကြိုးပမ်းခဲ့သော သူမ၊ စစ်အာဏာသိမ်းမှုနှင့်အတူ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသော သူမ။ သူမအကြောင်းကို နားထောင်ရင်း အားလျော့ အားပျော့သံမကြားရ၊ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုသာ ပေးသော သူမ။
မကြာဖြူဟူသော အမည်ဖြင့်လိုက်ဖက်အောင် ကြိုးစားရင်း CDM ၀န်ထမ်းဘ၀ကို ကျေကျေနပ်နပ်ခံယူထားရင်း တော်လှန်ရေးခရီးကို တရွေ့ရွေ့ဆက်နေသည်။ သူမပြောသည် " ထောင်ထဲမှာ မျှော်လင့်ချက် တပွေ့တပိုက်ဖြင့် စောင့်နေသူတွေ လူမျိုးစုံ၊ ပြည်သူမျိုးစုံ။ ကျမတို့နိုင်မှ ဖြစ်မည်" ဟုဆိုသည်။
စစ်ကိုင်း၊ကရင်နီ၊ ချင်းတို့ဌာနီမှစလို့ အဝေးရောက် CDM များ ခံစားနေရမှုတို့ကို လျစ်လျူမရှုသင့်ဟု ထပ်လောင်းပြောပြသေးသည်။
မျက်ရည်တွင်တွင် ကျခဲ့ရသော ညများကို ဖြတ်ကျော်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားရင်း ရှေ့ဆက်နေသူ။ တော်လှန်ရေးအတွက် အပြောင်းအလဲဖြစ်မည့် ကာလအတွက် အားလျော့စရာတွေ ရှိသော်လည်း အားလျော့၍ မဖြစ်။ စစ်ကောင်စီ၏ တရားမ၀င်မှုကို အမြန်ဆုံးဖြုတ်ချဖို့ ပြည်သူများ မျှော်လင့်ရင်း ကြံ့ကြံ့ခံဖို့ ဘ၀တူများကို သူမ အားပေးလျက်ရှိသည်။
သူမ၏ အတွေ့အကြုံ၊ အမြင်နှင့် တော်လှန်ရေးအပေါ် သုံးသပ်ဆင်ချင်မှုတို့ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။
သူ့အမည်က Kenneth Wong။ မြန်မာစာပေ လေ့လာနေကြသော နိုင်ငံခြားသားများ ကျောင်းသားများအတွက် မစိမ်းသော အမည်ဖြစ်ပေမယ့် မြန်မာပြည်ထဲက မြန်မာပြည်သားများအတွက် စိမ်းနေသေးသည်။
ကျတော်တို့အများစုက စစ်အာဏာရှင်တော်လှန်ရေးကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်ကို ခပ်စိတ်စိတ် တွေးမိ စဉ်းစားမိဖြစ်လာတတ်ပါတယ်။ ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပြည်သူများစွာက အတွင်းရော အပြင်မှာပါ အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာကို သတိရဖို့အရေးကြီးပါတယ်။
ဆရာကန်နပ်ဝေါင်ဟာ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေးအတွက် တဖက်တလမ်းကနေ ကြိုးစားနေတဲ့ ဘာကလေတက္ကသိုလ်က မြန်မာစာဆရာတစ်ယောက်ဖြစ်ပါတယ်။ ၈၈ ကာလမှာ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံ၌ ခိုလှုံပြီး နိုင်ငံသားဖြစ်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
စာပေနဲ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့ Kenneth Wong အတွက် မြန်မာစာပေကို တွင်ကျယ်စေချင်သည်။ မြန်မာစာပေကို ကမ္ဘာ့နိုင်ငံတွေမှာ လူရိုသေ ရှင်ရိုသေ ဖြစ်လာစေဖို့ နိုင်ငံတည်ငြိမ်ဖို့လိုကြောင်း၊ သမိုင်းကြောင်းအစဉ်အလာရှိသောနိုင်ငံအတွက် လေ့လာချင်သူတွေများကြောင်း၊ စစ်အာဏာရှင်မရှိသောဖဒရယ်နိုင်ငံသစ်ဆိုလျှင် စာပေယဉ်ကျေးမှု လွန်စွာတိုးတက်ဖို့ အလားအလာရှိကြောင်း ပြောပြဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်းသားစကားတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ပြန့်ပွားဖို့ကြိုးစားသင့်ကြောင်း၊ လူများစုဖိနိုပ်မှုဆိုတာ နိုင်ငံအလိုက်ဖြစ်နေတာ ဖြစ်တဲ့အတွက် ဥပဒေ၊ ယဉ်ကျေးမှု၊ စာပေနဲ့သာ ထိန်းကွပ်နိုင်ကြောင်း စတဲ့ စိတ်၀င်စားဖွယ်အကြောင်းအရာတွေကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast မှာ နားဆင်နိုင်ပါပြီ။
Episode #20: ကရင်တိုင်းရင်းသူ အမိုးဖေါ။ သူမကား ပညာတတ်တစ်ယောက်။ ၈၈ မတိုင်ခင်က ပညာတတ်ရှားသည်။ တော်ရုံသူ ဆယ်တန်းမအောင်။ သို့သော် သူမ မိဘကံကောင်းသည်။ ငယ်စဉ်ကပင် ရန်ကုန်ရောက်ပြီး ပညာရေးကို ကြိုးစားခဲ့သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီး သာယာသော မိသားစုနှင့်သူမ။
မင်းအောင်လှိုင် အာဏာမသိမ်းခင်အထိ အကုန် အဆင်ပြေသည်။ သို့သော် စစ်အာဏာရှင်၏ စနက်ကို မည်မှ ပြေးမလွတ်၊ အကုန် ခါးစည်းခံကြရသည်။ သူမ၏ သားတစ်ယောက် သမီးနှစ်ယောက် သုံးယောက်လုံး ဆန္ဒပြပွဲတွင် ရှေ့ဆုံးက ပါသည်။ သမီးကြီးက ပိုဆိုးသည်။ သမဂ္ဂဥက္ကဌဖြစ်သင့်အပြင် စစ်သင်တန်းပါ သွားတက်သေးသည်။ ဤသို့ဖြင့် အိမ်၊ကား၊နေရာ အကုန်စွန့်ပြေးရတော့သည်။
သားသမီးများအတွက် အကုန် ပြင်ဆင်ပေးထားသမျှ သဲထဲရေသွန်ဖြစ်ကာ ခင်ပွန်းသည်ကလည်း ကျန်းမာရေးမကောင်းပေ။ ထို့အပြင် အခြားနိုင်ငံသို့ ခိုး၀င်အဖြစ် တိမ်းရှောင်ရပြန်သည်။ ပြေးရသူတို့၏ အိပ်မက် တတိယနိုင်ငံအိပ်မက်ကို မိသားစုနှင့် အမိုး မက်သည်။
သို့သော် ရွှေပြည်တော်ကား မျှော်တိုင်း ဝေးနေသေးသည်။ အမိုး၏ အိပ်မက်များ အမြန်ဆုံးအကောင်အထည်ပေါ်စေရန်
#တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် မှ ဆုတောင်းပေးရင်း အားပေးရပ်တည်လျက်။
ကိုတေဇာဆန်းဟု ဆိုလျှင် တန်းမြင်ရမည်ကား သူ့အပြုံး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အရာရာကို နှိုင်းယှဉ်သုံးသပ်တတ်သူ။ အမှန်တရားအတွက်နှင့် အများအကျိုးရှိမည်ဆိုလျှင် သူ့ပညာရေး စီးပွားရေးက ဒုတိယ။ ထို့သို့သော စိတ်စေတနာတွေကြောင့် စစ်ကောင်စီ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းမှ ခဏခဏ လွတ်သူ။ မြန်မာပြည်အနှံ ခြေဆန့်ပြီး ဘ၀များစွာနဲ့ ထိတွေ့နေသူ။
သူ၏ ခံယူချက်၊ အတွေးအမြင်များနှင့် လုပ်ဆောင်ချက်များက လေးစားစရာကောင်းသည်။ ပိုမိုလေးစားရသည့်အကြောင်းကား သူ၏ နိမ့်ချတတ်မှု။ စကားပြောယဉ်ကျေးသည်။ ပွင့်လင်းသည်။ သူ့၏စိတ်ဓာတ်ကို စကားပြောကြည့်လျှင် သိနိုင်သည်။
ပြည်သူအများ စိတ်၀င်စားလျက်ရှိသော NUCC ၏လုပ်ဆောင်ချက်များကို တစေ့တစောင်း ပြောပြသွားသည်။ နိုင်ငံ၏ ယေဘုယျအခြေအနေနှင့် အဖြစ်အပျက်များကို အကြမ်းဖျင်းပြောပြသွားသည်။ ပြည်သူတွေရဲ့ ခံစားချက်ကို သူပြန်ပြောင်းပြောပြသည်မှာ ၀မ်းသာ၀မ်းနည်းပင်။ အိမ်မီးရှို့ခံရသူ ပြည်သူတွေရဲ့ စကားတိုင်းမှာ နောက်တွန့်ခြင်း ကြောက်ရွံခြင်း အလျင်းမရှိ၊ တော်လှန်ရေး အောင်မြင်ဖို့ရာ တထောင့်တနေရာမှ ပေးဆပ်လိုက်သည်ဟူသာ ခံယူထားကြသည်ဟု ဆိုသည်။ အခက်အခဲ ဒုက္ခမျိုးစုံနှင့်နပန်းလုံးနေသောပြည်သူများ၏ မာကျောသောစိတ်ဓာတ်၊ ပြင်းပြသော စိတ်ဓာတ်တွေကြောင့် တော်လှန်ရေးက အောင်ကိုအောင်မည်ဟု ကိုတေဇာဆန်းယုံကြည်လျက်ရှိသည်။ ကျတော်တို့ တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်မှလည်း ယုံကြည်ဆန္ဒပြုရင်း ကိုတေဇာဆန်း၏ podcast ကို နားဆင်နိုင်ပြီဖြစ်ပါသည်။
From the publisher's feed

51 Listeners