
Sign up to save your podcasts
Or


အဖေနဲ့အမေပြီးရင် လက်ချိုးရေတွက်စရာက သူမတစ်ယောက်တည်းသာ။ မကြာသေးခင်ကမှ အစားထိုးမရသော အမေ လောကကြီးရဲ့အပြင်ဖက်ကို သူမတို့ သားအဖအား နှုတ်ဆက်ထွက်ခွါသွားသည်။ အရာရာကို အသားကျဖို့ လုံးပန်းနေရသော သူမရဲ့ နေ့ရက်တိုင်းက ကြိုးဝိုင်းနှင့် ပြိုင်ဖက်။ အဆိုးတရားများကား တစ်ယောက်တည်း မနေတတ်၊ အဖော်အပေါင်းနဲ့လာသကဲ့သို့ မနိုနိုနှင့် တနိုင်ငံလုံးအတွက် အပူမီးကား အားပြင်းပြင်းနှင့် လောင်တော့သည်။ မြန်မာ၏စစ်တပ်၏ တရားမ၀င် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်တွင် မနိုနိုတို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများလည်း မနေသာတော့ပေ။ တက်ညီလက်ညီ အကြမ်းမဖက် ဆန္ဒပြပွဲများတွင် အားတက်သရော ပါ၀င်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီ၏ ဆိုးရွားသော နိုမ်နင်းသတ်ဖျတ်မှုများကို မျက်မြင်ကြုံတွေ့ရချိန်တွင် ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ၈၈ အရေးအခင်း စာအုပ်ထဲက စာသားများကား အပိုအလို မရှိပေ။
သူမ ဆုံးဖြတ်ချက်တခုကို အသေအချာ ချလိုက်သည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများဆီသို့ပင်။ အဖေတခုသမီးတခုဘ၀ကနေ တကောင်ကြွက်တော်လှန်ရေးသမားဘ၀ကို သူမ ခြေစုံပစ် ၀င်ခဲ့တော့သည်။ ထိုနောက် ကြုံတွေ့ရသော သူမ၏အတွေ့အကြုံများနှင့် သူမ၏ အတွေးအခေါ်များကား ဘ၀ပန်းချီကားတစ်ချပ်ကဲ့သို့ ဆေးရောင်စုံလှသည်။ ထိုအကြောင်းအရာများကို
' တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast' တွင် နားထောင်နိုင်မည်ဖြစ်ပါသည်။
သူမအမည်ကား မသဇင်ညွှန်အောင်၊ တော်လှန်ရေးအတွက် အကုန်စွန့်ထားသူများထဲမှ တစ်ဦး။ ချစ်မြတ်နိုးလေးစားရသူ ကိုဇေယျာသော်၏
ဇနီးလောင်းတယောက်ဖြစ်သလို ရှေ့ဆက် ဘ၀ကို ဂီတဖြင့် မြုပ်နှံထားသူတစ်ယောက်လည်း ဖြစ်သည့်သူမ၊ မဟုတ်မခံချင်စိတ်ဖြင့် အားနည်းသူကို အမြဲဖေးမကူရင်း နွေဦးတော်လှန်ရေးကို ခရီးဆက်နေသည်။ စစ်ကောင်စီက ကိုဇေယျာသော်အပါအ၀င် လေးဦးကို ကြိုးမိန့်ပေးရန် ပြင်ဆင်နေချိန်တွင် သူမ၏စိတ်ဓာတ်ရင့်ကျက်မှုအတိမ်အနက်ကို ပိုမိုမြင်သာလာစေသည်။ သူမ၏ ဘ၀လက်တွဲဖော် ကိုဇေယျာသော်ကို အရင်ကတည်းက လေးစားချစ်ခင်ခဲ့သည်ဟု သူမဆိုသည်။ အလွန်အေးချမ်းပြီး ကိုဇေယျာသော်ကြောင့် သူမ၏ စိတ်မြန်မှုကို ထိန်းနိုင်ခဲ့ရပြီး တဖြည်းဖြည်း အေးချမ်းလာရသည်ဟု သူမ ခပ်ငေးငေးပြောပြသည်။ ထိုသို့အေးချမ်းစွာနေတတ်ပြီး အများလေးစားရသူတစ်ယောက် ပြည်သူ့ခုခံစစ်တွင် ပါ၀င်ပြီး အကြမ်းဖက်သမားစွပ်စွဲကာ ကြိုးပေးခံရတော့မည့်အချိန်တွင် မသဇင် မည်သို့မည်ပုံ ဖြေသိမ့်နိုင်ပါအံ့နည်း။
သို့သော် သူမတောင်းဆိုသည်ကား ရှင်းသည်။ ပြည်သူတွေ အားလုံးပါ၀င်လျှင် ပိုမြန်မည်ဟုဆိုသည်။ "အသက်ပေးရသူတွေလည်း များလှပါပြီ။ အမလို ဒုက္ခရောက်နေကြရတဲ့သူတွေ ပူဆွေးသောကရောက်နေတဲ့သူတွေ ဒုနဲ့ဒေးဆိုတာ ပြည်သူတွေကို မြင်စေသိစေချင်တယ်။ အချို့က မြင်ကြ ကြားကြပါလျက် မျက်နှာလွဲနေနိုင်ကြသူတွေကို ကျမ အလွန် အံ့ဩ၀မ်းနည်း ဖြစ်ရပါတယ်"လို့ ဆိုပါတယ်။
သူမရဲ့ ရင်ဖွင့်စကားတွေနဲ့ ကိုဇေယျာသော်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို တော်လှန်ခြင်းများနဲ့ခေတ်သစ်မြန်မာပြည် Podcast မှာ နားထောင်ရင်း နွေဦးတော်လှန်ရေးကို တထောင့်တနေရာမှ ပါ၀င်နိုင်သော နိုင်ငံသားကောင်းများ ဖြစ်ကြပါစေခင်ဗျာ။
ကိုထူးသည် ကဗျာတွေကို ခုံမင်သည်။ အမှန်တရားကို လေးစားယုံကြည်သည်။ စာပေရဲ့ အနှစ်သာရကို အမြဲရှာဖွေပြီး မိမိကိုယ်တိုင်ရဲ့ ဘ၀ကို စာပေဖြင့်တည်ဆောက်ရန် လမ်းကြောင်းကိုလည်း ရွေးချယ်ထားခဲ့သည်။
သို့သော် ဘ၀က ရိုးရှင်းသယောင်ယောင်ဖြင့် ဆန်းသည်။ သေချာပြီဟု ထင်ထားသမျှ အကုန် ပျောက်လေပြီ။ စစ်တပ်က တရားမ၀င် အာဏာသိမ်းသည်။ စာအုပ်တိုက်တော်တော်များများ ပိတ်သွားသည်။ ပြည်သူအများစုလည်း စတင်သပိတ်မှောက်တော့သည်။ ကိုထူးကို စာအုပ်ထုတ်ပေးမည့် စာအုပ်တိုက်ပိုင်ရှင်ကား ဆန္ဒပြပွဲရောက်နေပြီဖြစ်သည်။ ကိုထူး၏ စာပေအသိများကလည်း လက်ရှိအခြေအနေကို ကောင်းကောင်းသဘောပေါက်စေသည်။ ထို့ကြောင့် ကျောင်းသားသပိတ်များတွင် ပါ၀င်လှုပ်ရှားရင်း မြန်မာစစ်တပ်၏ အကြမ်းဖက်များ စတင်ချိန်တွင် အခြေအနေကို သေချာသုံးသပ်နေခဲ့သည်။ လမ်းစရိတ်အတွက် ရရာအလုပ်ကို နှစ်လခန့် ရုန်းကန်ရင်း လွတ်မြောက်နယ်မြေသို့ ခြေဆန့်ရင်း ကဗျာရေးသောလက်များကို လက်နက်ကိုင်သောလက်များအဖြစ် ပြောင်းလဲခဲ့သည်။ ဆေးတပ်တွင် ၀င်ရောက်စစ်မှုထမ်းပြီး သေနတ်တဖက် ဆေးထိုးအပ်တဖက်ဖြင့် ရှေ့တန်းသို့ အကြိမ်ကြိမ်ရောက်ခဲ့ရသည်။ သို့သော် နယ်မြေခံအဖွဲ့၏ စီမံဆောင်ရွတ်မှုနှင့် ရည်ရွယ်ချက်ကို တဖြည်းဖြည်း သိမြင်လာပြီး လက်နက်ကိုင်တော်လှန်ရေးသည် ကိုထူးအတွက် ဝေဝါးသော အိမ်မက်တခု ဖြစ်လာခဲ့သည်။ တနေ့ ကိုထူး၏ လက်နက်ကိုင်သောလက်ကို အရှိန်ပြင်းပြင်း ပုတ်ချခံရသည် နေ့ရက်တွေရောက်လာခဲ့သည်။ အထက်ပါအကြောင်းအရာများကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သော ကိုခန့်။ Company တခုတွင် အခြေကျနေရင်း ကမ္ဘာကပ်ရောဂါ၏ ထိုးနှက်ချက်တွေကြောင့် အလုပ်နားခဲ့ရပြီး ရရာအလုပ်ကို ၀င်လုပ်ခဲ့ရသည်ည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်တွင် ရှိတဲ့အလုပ်ပါထွက်ပြီး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့တော့သည်။
သို့သော် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပြန်၀င်ခဲ့ရပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ မိမိအိမ်သို့ စစ်ဆေးမေးမြန်းလာချိန်တွင် လွတ်မြောက်နယ်မြေသို့ ချေဆန့်ခဲ့ရတော့သည်။ ကိုခန့်ရဲ့ ခံယူချက်က ရှင်းသည်။ နိုင်ရာတာ၀န်ထမ်းမည်၊ အသက်စွန့်ရမည်ဆိုလျှင် မကြောက်၊ နိုင်ငံအတွက် ဘ၀ကို ရဲရဲပေးလှူထားပြီးဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်း၏ အခက်အခဲ ပညာတတ်မြောက်ရန် အခက်အခဲတွေကို ကိုခန့်ကောင်းကောင်းနားလည်သည်။ သက်တူရွယ်တူများနှင့် အငယ်တွေကို သူ့လိုဒုက္ခမျိုးတွေ မကြုံစေချင်တော့ဟု ဆိုသည်။
ရသလောက်သင်တန်းတွေတက်သည်။ နိုင်ရာတာ၀န်ထမ်းရန် အကုန်လုပ်သည်။ သို့သော် သူ့ရဲ့ စိတ်ဒဏ်ရာတွေကလည်း မသေး။ ငှက်ပျောအူမစားရသော်လည်း ငှက်ပျောအူကဲ့သို့အစာများဖြင့် အသက်ဆက်ခဲ့ရသော ဘ၀တွေလည်းရှိသည်။ ထမင်းမစားရသောရက်တွေလည်း ရှိခဲ့သည်။ ဤကား အပဟိကဟု ဆိုသည်။ သို့သော် ပြဿနာက ရှေ့တန်းပင်။ စစ်တိုက်ရမည်ဟုပြောပြီး လမ်းလျှောက်ပြန်ခဲ့ရသော တိုက်ပွဲများမနည်း၊ ပြည်သူ့အတွက်ဟု သစ္စာဆိုပြီး မျက်စိရှေ့တွင် ပြည်သူတွေ ပြေးနေတာကို ကြည့်နေခဲ့ရသည်။ မတရားအမိန့်ကို နားလည်သဘောပေါက်လာချိန်တွင် လက်နက်ကိုင်ရခြင်း၏ ရည်ရွယ်ချက်တွေ ပျောက်ဆုံးလာသည်ဟု ဆိုသည်။ နောက်ဆုံးရှေ့တန်းမှ ပြန်လာချိန်တွင် လိုအပ်သော အကူအညီများအတွက် ဆိုင်ရာလူကြီးများကို ဆက်သွယ်တိုင်ပင်သော်လည်း ဘာမှအရာမထင်။ ဤသို့ဖြင့် လက်နက်ကိုင်ဘ၀ကို စွန့်လွတ်ခဲ့တော့သည်။ ကိုခန့်၏ အတက်အကျများဖြင့်ဘ၀ကို
တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
လူသားတိုင်း အကောင်းအဆိုး အနည်းနှင့်အများ ဒွန်တွဲနေကြသည်။ ထိုလူသားများ စုဝေးကြသော အဖွဲ့အစည်းတိုင်းတွင် အားနည်းချက် အားသာချက်တို့ရှိကြသည်မှာ မထူးဆန်းတော့။ အားသာချက်ကို ပံ့ပိုးရန်နှင့် အားနည်းချက်ကို ဖာထေးရန် စည်းမျည်း စည်းကမ်းများဖြင့် အဖွဲ့အစည်းများကို ထိန်းချုပ်လာကြသည်။ သို့သော် ဦးဆောင်သူများ စည်းမျည်းဆွဲကြသူများက အဖွဲ့အစည်းအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးဖက်လာသည့်အခါ အများအတွက်လူ့ပတ်၀န်းကျင်အတွက် ထိခိုက်သော အဖွဲ့အစည်းဖြစ်လာတော့သည်။
ကိုသန့်၏ဘ၀က ရိုးရှင်းသည်။ မိဘအသိုင်းအဝိုင်းကား စစ်တပ်အသိုင်းအဝိုင်းဖြစ်သည့်အပြင် ကိုယ်တိုင်ကလည်း အေးအေးချမ်းချမ်းနေချင်သည်။ ထို့ကြောင့် မိဘအလိုကျ စစ်သားတစ်ယောက်ဖြစ်လာခဲ့သည်။ သင်တန်းကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းရင်း နေရာတစ်ခုရလာခဲ့သည်။ သို့သော် ဖိနိုပ်မှုကား မလွတ်။ အကြောင်းပြချက်မျိုးစုံဖြင့် လစာဖြတ်ခံရသည်။ ၀န်ထမ်းတစ်ဦးထက်ပိုသော တာ၀န်များဖြင့် စိတ်ကျဉ်းကျပ်စွာ ဖြတ်သန်းရင်း ဘ၀ပင် အသားကျသလို ဖြစ်ခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေပျော်အောင်ကြိုးစားသည်။ ခက်ခဲမှုများသည် ကိုသန့်အတွက် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်လာခဲ့သည်။
မိမိ၏စစ်တပ်မှ အာဏာစသိမ်းချိန်တွင် တပ်တွင်းမှာ အာဏာသိမ်းမှန်းမသိကြပေ။ သို့သော် ဆန္ဒပြပွဲများ တော်လျှောက်ဖြစ်လာပြီး ပြည်သူများ လမ်းမပေါ်ရောက်လာချိန်တွင် အာဏာသိမ်းမှုဖြစ်မှန်း သေချာသိခဲ့ရသည်။ သို့သော် သေချာသော ဆုံးဖြတ်ကား မရှိသေး။ အခြေအနေကို စောင့်ကြည့်ရင်း မိမိစစ်တပ်၏ မျက်နှာဖုံးကွာကျလာသည်ကို မျက်ဝါးထင်ထင် မြင်လာခဲ့သည်။ ဆန္ဒပြပွဲများအတွင်းတွင် သူငယ်ချင်းတစ်ယောက်က သူနှင့် မျက်နှာချင်းဆိုင်တွေ့ချိန်တွင် အမိန့်ကြောင့် ပစ်ရခတ်ရမည်ဆိုလျှင် ဘာလုပ်မလဲဆိုသော မေးခွန်းကို သေချာစဉ်းစားရင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်ခဲ့တော့သည်။
အစပိုင်းတွင် စိတ်ထဲ မတင်မကျဖြစ်သော်လည်း တော်လှန်ပြည်သူများ၏ နွေးထွေးမှုနှင့် သူငယ်ချင်းများ၏ ဖေးမ နွေးထွေးမှုက သူ့ကို ဂုဏ်ယူစေသည်ဟုဆိုသည်။ ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ်တိုင်ရွေးချယ်မှုဟု ခံယူထားသည့်အတွက် ကြုံလာမည့် ဒုက္ခ သုခများကို အားတင်းကျော်ဖြတ်မည်ဟု ဆိုသော ကိုသန့်၏ ဘ၀စာမျက်နှာအချို့ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်စီးမြောနိုင်မည် ဖြစ်ပါသည်။
ပြည်သူများ အမှန်မြင်၍ အမြင်မှန်နိုင်ကြပါစေ။
ကိုဒေးဗစ် ရဲ့ ဘ၀ဟာ အပူအပင်ကင်းသည်။ ကိုယ်ဝါသနာပါရာ သီချင်း ဂီတ ဓာတ်ပုံ အကုန်လုပ်ခွင့်ရသည်။ ကိုယ်တိုင်ရဲ့ ကြိုးစားရုန်းကန်မှုနှင့်အတူ သာယာမှု အဆင်ပြေမှုတွေက ယှဉ်လျက်ရှိသော ကို David အတွက်ကား စိတ်ကူးအိမ်မက်တွေနောက် ကခုန်၍ လိုက်ရုံပင်။ နိုင်ငံရေးကို သိစရာမလိုဟု ခတ်ပေါ့ပေါ့သာ တွေးသည်။ စိတ်လည်းမ၀င်စား။ သို့သော် အနုပညာဆန်သော စိတ်ဓာတ်နှင့် လူသားဆန်မှုကို သူ့ဝါသနာနှင့် သူချစ်သော ခွေးကလေးက သက်သေ။ တနေ့ သူအိပ်မက်မျှ မမက်ဖူးသော ဘ၀ကို ခြေစုံပစ်၀င်ရမည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ မြန်မာစစ်တပ်မှ တရားမ၀င်အာဏာသိမ်းပြီးချိန် ဆန္ဒပြဖို့ စိတ်မ၀င်စားသေး။ သပိတ်တွေအပြီး သူငယ်ချင်းများနှင့်အတူ အမှိုက်လိုက်ကောက်ရင်း အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ စစ်အာဏာရှင်၏ မျက်နှာဖုံးကား ကြာကြာမတပ်နိုင်၊ စက္ကူကပ်ကိုင်ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းစီးနိုပ်စက်သည့်အပြင် အသေပါသတ်တော့သည်။ သူဘယ်လိုမှ မယုံနိုင်၊ နိုင်ငံရေးကို သူမျက်မြင်တွေ့သောအခါ ရိုးရှင်းသောဆုံးဖြတ်ချက်ချသည်။ စစ်အာဏာရူးများ မြန်မာမှာ လုံး၀ ပျောက်ကွယ်မှ ဖြစ်မည်။ ရှည်ရှည်ဝေးဝေးမစဉ်းစားနိုင်၊ စစ်သင်တန်းပြေးတက်ကာ မြေအောက်လှုပ်ရှားမှု စတင်တော့သည်။ ခက်သည်ကား လူငယ်တို့၏ သာဘာ၀၊ ပေါ့ပေါ့ပါးပါးတွေးရင်း အဖမ်းခံရသည့် အဖော်များက လက်ညိုးထိုးလိုက်သည်မှာ ကိုဒေးဗစ်၏အိမ်။ စစ်လက်နက်အပြည့်အစုံနှင့် စစ်သားငါးဆယ်ခန့်က အိမ်ကို ဝိုင်းပြီး ရှိသမျှအကုန် မ,တော့သည်။ အမှတ်တရများစွာဖြင့် စုဆောင်းထားသော ဂီတတူရိယာများ အိမ်ရှိပစ္စည်းများ camera များ၊ lens များ တခုမှမကျန်တော့။ အဆိုးရွှားဆုံးကား သူချစ်သော ခွေးကလေးကို အသေပစ်သတ်သွားကြခြင်းပင်။ အိမ်ခေါင်းမိုးတခု၏အပေါ်တွင် စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်နှင့် အသက်ကို မျှင်းမျှင်းရှုရင်း ခေတ္တမိန်းနေလိုက်သည်။ နောက်ဆုံး ရွေးချယ်လိုက်သည်မှာ တိုင်းရင်းသားလက်နက်ကိုင်များဆီသို့ပင်။ ရှေ့တန်းကို မညီးမညူလိုက်သည်။ မိဘမောင်ဖွားများပေးသော ပိုက်ဆံကို သူမသုံး၊ အဖွဲ့အတွက် လိုတာ လှူသည်။ စစ်တပ်အပေါ် အမုန်းတရားကား သိပ်မကြီး၊ သေပြီးသားအလောင်းကို သတိရရင် ပြန်ဖော်ပြီး မျက်နှာကို ဓားဖြင့် ခုတ်သေးသည်။ ဂစ်တာကိုင်သောလက် Camera ကိုင်သောလက်ကို လက်နက်ကိုင်ဖြစ်စေသည်ကိုကြည့်၍ စစ်အာဏာရှင်၏ယုတ်မာရက်စက်မှုများကို မှန်းဆနိုင်သည်။ သူပြောသည်၊ တခါတရံ စိတ်ရောကိုယ်ပါပန်းပြီး တော်လှန်ရေးကို နားလိုက်ချင်သည်။ သို့သော် မျက်စိရှေ့တွင် အသက်ပေးသွားသော ၁၆ ၁၇ လူငယ်သူရဲကောင်းများ၏ ရဲရင့်မှုများက သူ့ကို နားခွင့်မပြု။ နတ်ဆိုးထပ် ယုတ်မာရိုင်းစိုင်းသော စစ်အာဏာရှင်နှင့် အပေါင်းပါများကို နိုမ်နင်းရာတွင် အမြဲ ဘုရားကို ကူညီပေးရင် ဆန္ဒပြုရင်း နွေဦးတော်လှန်ရေးခရီးကြမ်းကို ရှေ့ဆက်နေသောသူ။ တော်လှန်ရေးအစိုးရ NUG ထံမှ အထောက်အပံ့အဖြစ် ကျည်တစ်တောင့်တောင် မရဖူးသော်လည်း ခေါင်းရင်းခန်းတွင် နေရာပေးထားသည်ဟုဆိုသည်။ ကျဆုံးသွားသောရဲဘော်များလူငယ်များအတွက် ပံ့ပိုးကူညီမှုမဟုတ်တောင် အသိအမှတ်ပြုမှုတွေ ဆောင်ရွတ်ပေးစေချင်သောသူ၊ ထိုသူရဲ့ ဒုက္ခကို ပျက်ရယ်ပြုရင်း ရှေ့ဆက်နေသော တော်လှန်ရေးခရီးကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
လက်နက်စွဲကိုင်ခြင်းကို ကိုဖြိုးနားလည်ထားသည်မှာ လူလိမ္မာတွေရဲ့ လုပ်ရပ်မဟုတ်။ သို့သော် စက္ကူကပ်ကိုင်သောကြောင့် ကျည်အစစ်နှင့် အပစ်ခံရချိန်မှာ ကိုဖြိုးနားလည်လာသည်ကား မြန်မာစစ်တပ်၏ မြန်မာနိုင်ငံသားအချင်းချင်းအပေါ် ရက်စက်တတ်ခြင်းပင်။ အရာရာကို ပညာဖြင့်ဖြေရှင်းလိုသော ကိုဖြိုး၏ခံစားချက် လုပ်ဆောင်ချက်တို့ ရေစုန်မျောရတော့သည်။ လွတ်မြောက်အေးချမ်းရာ နေရာတစ်ခုတွင် သွားရောက်နေထိုင်ရင်း နေမထိမထိုင်သာ ထဖြစ်နေရသည်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းများ၏ ရှေ့တန်းဓာတ်ပုံများနှင့် လုပ်ဆောင်ချက်များပင်။ မိမိကိုယ်မိမိ အတ္တကြီးသည်ဟု ထင်ရသော်လည်း တကယ်တန်းတွင် အသည်းမမာနိုင်။ ပညာရေးကို ခရီးမ,ဆုံးလိုက်ရသော အငယ်တန်းတက္ကသိုလ်ကျောင်းသားများနှင့် CDM ဆရာဆရာမများ၏ မျက်နှာကို မြင်ယောင်ရင်း နိုင်ရာ၀န်ထမ်းရန် မိတ်ဆွေများရှိရာ နေရာသို့ အရဲစွန့် ထွက်ခွါလာခဲ့တော့သည်။ နိုင်ရာတာ၀န်ဖေးမရင်း နွေဦးတော်လှန်ရေးအပေါ် စိတ်နှစ်ခဲ့သော နည်းပညာ မဟာတန်း ကျောင်းသားတစ်ယောက်၏အတွေးများက တဖြည်းဖြည်း ဒွိဟဖြစ်လာတော့သည်။ လုပ်ဖော်ကိုင်ဖက်အချို့အဖမ်းခံရပြီး အသိအချို့ အသက်ပေးလိုက်ရသော်လည်း တော်လှန်ရေးကို စိတ်မပျက်။ မိမိချမှတ်ထားသောလမ်းကြောင်းနှင့် တာ၀န်ကို နိုင်ရာဆက်ထမ်းရင်း ပြည်သူ့တော်လှန်ရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
သို့သော် ကိုဖြိုးမျှော်လင့်မိသည်ကား မိမိခေါင်းဆောင်တင်ထားသော နိုင်ငံရေးသမားများထံမှ ထိရောက်သော စီမံခန့်ခွဲမှုနှင့် ထိရောက်သော လုပ်ဆောင်ချက်များပင်။ သူဖြတ်သန်းလာသော လက်တွေ့ဘ၀တွင် အိပ်စိုက်ကများသည်။ နောက်ဆုံး ဖူးဖူးမှုတ်ထားပြီး အားကိုးသော မိဘပင်သူ့အပေါ် မကြည်ဖြူတော့ပေ။ အရာရာကို ပညာရှင်ဆန်ဆန်တွေးခေါ်တတ်သော ကိုဖြိုး၏ဘ၀တွင် ကြီးမားသော ထိုးနှက်ချက်ကား တန်ဖိုးထားသော တော်လှန်ရေး၏ အတွေ့အကြုံများပင်ဖြစ်၏။ လူပေါင်းများစွာဖြင့်ထိတွေ့ဆက်ဆံသော ထောက်ပို့ဘ၀၏အတွေ့အကြုံများကား သူ၏တော်လှန်ရေးစိတ်ဓာတ်ကို ခလုတ်တိုက်လျက်ရှိသည်။ မည်သို့ပင် ဖြစ်စေ သူဖြစ်စေချင်သော အရာကား ရိုးရှင်းသည်။ တော်လှန်ရေး၏အနှစ်သာရကို လူတိုင်းရစေချင်သည်။ သို့သော် ဘယ်လိုအရာများက သူ့စိတ်ဓာတ်နှင့် တော်လှန်ရေးခရီးကို တိုက်ခိုက်နေပါသနည်း။
သူရဲ့အတွေအကြုံများနှင့် ခံစားချက်၊ မျှော်လင့်ချက်နှင့် သုံးသတ်ချက်တို့ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast မှာ နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျ။
မဆုမြတ်ဟာ နွေဦးတော်လှန်ရေးအတွက် အားကြိုးမာန်တက် ပါ၀င်လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လုံး၀ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရေးကိုသာ ရှေးရှုခဲ့သူ ကျောင်းသားသမဂ္ဂဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။
သူမဘာကြောင့် EAOs တွေဆီ သွားရောက်ခိုလှုံရတာလဲ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်တွေက သိပ်ကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အကြောင်းအရာတွေ ဖြစ်နေပြန်ပါတယ်။
မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နွေဦးတော်လှန်ရေးရဲ့ ခုလုတ်ကန်သင်းတွေကို ကြိုးစားရုန်းကန်ကျော်ဖြတ်ခဲ့တဲ့ သူမရဲ့ အာဂသတ္တိ၊ သူငယ်ချင်းတွေအပေါ် ကာကွယ်တတ်တဲ့ ခေါင်းဆောင်စိတ်၊ လက်တွဲဖော်ကို နားလည်တတ်တဲ့ ကြင်နာစိတ်၊ စတဲ့စိတ်ဓာတ်တွေနဲ့ တရွေ့ရွေ့ဖြတ်သန်းခဲ့တဲ့ သူမရဲ့ဘ၀အကြောင်းကို ယခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အထင်နဲ့အမြင် ကွဲပြားမှုတွေ ၊ တော်လှန်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေနဲ့ နားလည်မှုတွေ၊ ဖြစ်သမျှအကြောင်းကို မကောင်းပေမယ့် ကောင်းဖို့အမြဲကြိုးစားမှုတွေ အစရှိတဲ့ အကြောင်းအရာတွေကို မဆုမြတ်ရဲ့ နွေဦးခရီးကြမ်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မိသားစုအတွက် ဂုဏ်ယူဖွယ်သမီးတစ်ယောက်အဖြစ် ရပ်တည်ရင်း မိသားစုတစုလုံး အိုးပစ်အိမ်ပစ် ပြေးရလွှားရ အခြေအနေထိရောက်ခဲ့ပေမယ့် လောကဓံကို ခေါင်းမော့ရင်ကော့ပြီး ပြုံးပြုံးကြီး ရှေ့ဆက်နေတဲ့ သူမတို့ မိသားစုဟာ နွေဦးတော်လှန်ရေးရဲ့ ပြယုဒ်တစိတ်တပိုင်း ဖြစ်ပါတယ်။
သူမရဲ့ ဖြတ်သန်းကျော်ဖြတ်လာတဲ့ နွေဦးရက်ရှည်များကို နားထောင်ရင်း မိမိရဲ့ကိုယ်တိုင်ခံစားရတဲ့ ခံစားချက်တွေကို မျှဝေသွားဖို့လည်း မျှော်လင့်ပါတယ်။
From the publisher's feed

51 Listeners