
Sign up to save your podcasts
Or


ကိုပုလေးက လူငယ်တက်ကြွသူတစ်ယောက်။ သူ၏အမြင် အတွေးကား ရိုးရှင်းသည်။ သူယုံကြည်ရာကို သူလုပ်သည်။ ရပ်ရွာအကျိုးလည်း လက်မနှေး။မိသားစုကို သိတတ်သောသူ ဖခင်တစ်ယောက်လည်း ဖြစ်သည်။ တနေ့ သူမမျှော်လင့်ထားသည့်အခြေအနနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့သည်။
အာဏာသိမ်းပြီး သူသေချာတွေးမိသည်။ သူအနေနဲ့ အဆင်ပြေနိုင်သေးသော်လည်း သူ့သူငယ်ချင်းတွေ အလုပ်ပြုတ်ကြသည်။ ထမင်းငတ်ကြသည်။ သူ့အလုပ်သမားအချို့ ဖြုတ်ရတော့သည်။ ထို့နောက် သူမိသားစုနှင့် တိုင်ပင်၍ သားငယ်ကို နမ်းကာ အာဏာရှင်တို့ခင်းသော ဆူးလမ်းကို အမှန်တရားအတွက် လျှောက်တော့သည်။
နိုင်တာအကုန်လုပ်သည်။ ဆန္ဒပြသည်။ စစ်သင်တန်းတက်သည်။ လိုအပ်သူတွေကို ကြည့်သည်။ သို့သော် စစ်တပ်က သူ့ကိုအလွတ်မပေး။ စစ်ခွေးဆ်ုသည့်အတိုင်းအနံ့ရသည့်နေရာ အကုန်လိုက်သည်။
သူကံကောင်းသည်။ မိတ်ဆွေကောင်းတွေကြောင့် လွတ်ရာသို့ အပြေးလှမ်းနိုင်ခဲ့သည်။ တော်လှန်ရေးကား အားလုံးသိသည့်အတိုင်း အရင်းအနှီးကြီးသည်။ ထိုအရင်းအနှီးများကို သူ မြုပ်နှံပြီးဖြစ်သည်။
တော်လှန်ရေးအတွက် သူနောက်မဆုတ်။ ရှေ့သို့သာ တလှမ်းချင်းတိုး၍တိုး၍သွားသည်။ သူ့ဘ၀နှင့် စူ့ခံယူချက်ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် တွေ့နိုင်ပါသည်။
မဝေဟာ ခေတ်စနစ်ရဲ့ သားကောင်တစ်ယောက်ဖြစ်ခဲ့ရသူပါ။ ၁၃နှစ်သမီးအရွယ်မှာ မိသားစုအရေးအတွက် အထည်ချုပ်စက်ရုံလုပ်ကိုင်ခဲ့ရပြီး အတန်းပညာနဲ့အလှမ်းဝေးခဲ့ရပါတယ်။ လုပ်ငန်းခွင် ဖိနိုပ်မှုတွေကို အရွယ်နဲ့မလိုက်အောင် ကြုံတွေ့ခဲ့ရပြီး သူမရဲ့ အတိတ်ဆိုးတွေကို အခုထိ မှတ်မိနေဆဲလို့ ဆိုပါတယ်။ အရွယ်နဲ့မလိုက် ဆဲဆိုကြိမ်းမောင်းခံရတာတွေ၊ မနိုင်၀န်ထမ်းရတာတွေဟာ သူမအတွက် ပုံမှန်လိုပင် ဖြစ်ခဲ့ရသည်။ သို့သော် သူမစိတ်ပျက်မသွား၊ သူမကြောင့်အဆင်ပြေနေသော မိသားစုကို ငဲ့ကြည့်ရင်း သူမအမြဲ အားတင်းထားခဲ့သည်။
ထို့နောက် ဒီမိုကရေစီအစိုးရလက်ထက်သို့ရောက်လာပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့ခွင့်ရလာသည်။ ထို့ပြင်အသက်မပြည့်သေးသောသူများကို လုပ်ငန်းခွင်ဖိနိုပ်မှုများ အတင်းအဓ္ဓမ ခိုင်းစေခြင်းများမှ အထိုက်အလျောက် ကာကွယ်လာနိုင်ကြသည်။ ထိုအခွင့်အရေးကို သူမလက်လွတ်မခံ၊ အလုပ်သမားအဖွဲ့အစည်းထဲ ခြေစုံပစ်၀င်ရင်း သူမကဲ့သို့ အခြားသက်ငယ်အလုပ်သမားများ မကြုံတွေ့စေရန် ကြိုးစားခဲ့သည်။
အလုပ်သမားအရေးဆိုသည်မှာ နိုင်ငံ၏အရေးပင်ဖြစ်သည်ဟု သူမဆိုသည်။ အလုပ်သမားဟူသော အခြေခံလူတန်းစားအဆင်ပြေပါမှ နိုင်ငံအေးချမ်းပြီး အလျှင်အမြန်တိုးတက်နိုင်သည်။ မဟုတ်လျှင် တိုင်းပြည်ဆူပူပြီး မအေးချမ်းနိုင်ဟု ဆိုသည်။ လက်ရှိစစ်ကောင်စီသည် အများဆန္ဒကိုမလေးစား၊ သူ၏လက်တဆုပ်စာ အသိုင်းအဝိုင်းကိုသာ အလေးထားသောကြောင့် အကျိုးဆက်ကို အများပြည်သူခံနေရသည်ဟု သူမဖွင့်ဟသည်။ တချိန်က အနာဂါတ်ကိုတွေး၍ ၀မ်းသာခဲ့ရသော်လည်း ယခုချိန်တွင် အလုပ်သမားများ တကျော့ပြန်ဖိနိုပ်ခံရတော့မည်ကို သဘောပေါက်မိသော သူမအတွက် လက်ရှိအလုပ်သမားအဖွဲ့အစည်းဖြင့် အလုပ်သမားရေးကိုနိုင်ရာထမ်းနေသည့်သူ။ ထိုသို့ လောကဓံကို အရှုံးမပေးဘဲ လူပီသအောင်နေ,နေသော သူမရဲ့ဘ၀ဇာတ်လမ်းနဲ့ အလုပ်သမားအရေးကို ကျတော်တို့ တော်လှန်ခြင်းများနဲ့ ခေတ်သစ်မြန်မာပြည် podcast မှာ ၀င်ရောက်နားဆင်နိုင်ပြီ ဖြစ်ပါတယ်။
ဆရာတော်၏ ဘွဲ့ကား အများသူငှာနှင့် မစိမ်း၊ အရှင်မင်းသုည ဗုဒ္ဓတက္ကသိုလ် ပင်။ ဆရာတော်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပင် ဖြစ်လင့်ကစား ခေတ်ဆန်သည်။ လူငယ်တွေ၏ သဘောသဘာ၀ကို နားလည်သည်။ ဘာသာရေးအပေါ် ခုတုံးလုပ်သော သံဃာတော်များကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်တတ်သူလည်း ဖြစ်သည်။
လက်ရှိနိုင်ငံရေးနှင့် သံဃာများ နိုင်ငံရေးမလုပ်ရဟူသော စည်းမျဉ်းကား ဘုရားဝိနည်းမဟုတ်၊ စစ်အာဏာရှင်၏ ဂျင်းဟု မိန့်သည်။ နိုင်ငံအရေးသည် အများသူငှာ အေးချမ်းရေးဖြစ်သည်၊ မြတ်စွာဘုရားသည်ပင်လျှင် အများသူငှာ ချမ်းသာစေရေးကိုသာ ရှေးရှုပြီး အမြဲဆုံးမ သွန်သင်တတ်သူဖြစ်ကြောင်း ဆရာတော်က မိန့်သည်။
ဆရာတော်သည် လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သတ်၍ အကောင်းဆုံးရှင်းပြဆုံးမသွားခဲ့သည်။ ဆရာတော်၏ ဆောင်ပုဒ်ကား ဘာသာမဲ့ချင်မဲ့ပါ၊ တရားဓမ္မ မမဲ့ပါနဲ့ ဟူ၏။
အရာရာကို ၀ဠ်ကြွေး ၊ ဆုတ်ကပ် ဖြစ်နေကြသော အမှောင်ဖုံးသူတော်ကောင်းများကိုလည်း ပြောကြားသွားသည်မှာ ထုံးကို နှိုက်၍ ဖြူပြီး မီးသွေးနှိုက်၍ မဲရသည်မှာ ကံမဟုတ်ဘဲ မိမိပြုသော အမှုသာဖြစ်ကြောင်း၊ စစ်အာဏာရှင်ကို ကြောက်ရွံ့စိတ်နှင့်မိမိအသိဉာဏ်နည်းပါးမှုတို့ကို လျစ်လျူရှု၍ ကံကိုချည်း အပြစ်ဖို့မနေသင့်ကြောင်း စုံစုံလင်လင် ပြောပြသွားခဲ့သည်။
ငရဲဖြင့်ခြောက် နတ်ပြည်ဖြင့် မြောက်တတ်သော သူများ၏ ဂျင်းများမှ လွတ်ကင်း၍ စစ်မှန်သော တရားဓမ္မကို နားလည်သဘောပေါက်ဖို့ ပိုမိုအားထုတ်သင့်ကြောင်း သေသေချာချာရှင်းပြခဲ့သည်။ ထို့သို့သော ဘုရားသားတော်တပါး၏
ဒီမိုကရေစီ ဆန်သော ဆွေးနွေးချက်များကို
တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်မည်ဖြစ်ပါသည်။
ခက်ခက်ခဲခဲကြမ်းကြမ်းဖြင့် ပညာရေးကို သူရအောင်ယူခဲ့သည်။ သို့သော် သူထင်ထားသည်ကား ပညာတတ်လျှင် အဆင်ပြေပြီ။ သို့သော် ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ဂုဏ်ပုဒ်ဖြင့်သာ မိန်းမရသွားသည်။ သူရင်းခဲ့ရသည်နှင့်ကား မတန်။ ထို့နောက် အဝေးသင်ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလျှောက်ပြီး လူ၀င်မှုကြီးကြပ်ရေးတွင် ၀န်ထမ်းဖြစ်လာခဲ့သည်။ ထိုသူကား ကချင်အမျိုးသား ကိုရဲဒီး။
ထို့နောက် ၀န်ထမ်းဘ၀တွင် သူအလွန်မျှော်လင့်ခဲ့သော ဘ၀ရပြီဟု ထင်မြင်ခဲ့မိသည်။ ထိုအမြင်ကား ကြာကြာမခံ။ အထက်ဖား အောက်ဖိများနှင့် တိုင်းရင်းသားဆို တဆင့်နိမ့်သည်ဟု ယူဆထားကြသော လူတွေကြား သူရှေ့ဆက်ခဲ့သည်။ သို့သော် သူသိထားသည်ကား နေ့စဉ် ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးလာသည်ဟူသော အချက်ပင်။
စနစ်ကို မုန်းသည်။ ပြည်ထောင်စု ဖြစ်ဖြစ် ပြည်ထောင်ကွဲဖြစ်ဖြစ် သူသိပ်စိတ်မ၀င်စား။ လူတိုင်းအတွက် ကောင်းမွန်သော စနစ်ဖြင့် ပညာတတ်ဦးစားပေးသော အစိုးရရှိလျှင် ကျေနပ်ပြီဟု ဆိုသည်။
ရိုးရှင်းပြီး သဘာ၀ကျသော သူ၏ဘ၀၊ အစစအရာရာသည်းခံခဲ့ရသော ၀န်ထမ်းဘ၀ကို စွမ့်ပြီး မိန်းမနှင့် ကလေးနှစ်ယောက်ကို လက်ဆွဲကာ လွတ်မြောက်ရာသို့ ရွက်လွှင့်လာသော ဘ၀တစိတ်တပိုင်းကို #တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
သဇင်ဟု အမည်ကြားလျှင် မြန်မာအမျိုးသမီးတို့ အမြတ်တနိုးပန်ကြသော ပင်မြင့်စံ။ ကျတော်တို့၏ နွေဦးတော်လှန်ရေး သဇင်ကား ထို့သို့မဟုတ်။ အေးချမ်းသောဘ၀မှနေ၍ မတရားမှုကို ဆန့်ကျင်ရင်း စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကြားမှ ပေါက်ဖွားလာသော သဇင်ပင်ဖြစ်ပါသည်။
တိုင်ပင်မကိုက်သော စစ်ဖိနပ်သံများကား စက်ရုံလိုင်းတန်းအတွင်း ခပ်သွက်သွက်ကြားနေရသည့်အချိန်တွင် မသဇင် ဟန်မပျက် အလုပ် ဆက်လုပ်နေသည်။ သို့သော် သူမ၏ အနီးဆုံးနေရာတွင် စစ်ဖိနပ်သံများငြိမ်သက်သွားပြီး ခက်အပ်အပ်အသံဖြင့် ခေါ်သံကို ကြားလိုက်ရသည်။ မသဇင် စက်ရုံရုံးခန်းကို ခဏခဲ့ပါဟူသောစကားဖြင့် သူမပင်မမှတ်မိလောက်သော ဆန္ဒပြဓာတ်ပုံများဖြင့် အသင့်စောင့်နေသော ရဲကားပေါ်တင်သွားတော့သည်။ ချွေးသိပ်ခဲ့သော စကားလုံးများကား ခေတ္တမေးမြန်းရန်ဟူသော ခေါင်းစဉ်ဖြင့်၊ လာခေါ်သည်ကား ရဲနှင့်စစ်သားများသာ။ အမျိုးသမီးတစ်ယောက်ကို လာဖမ်းချိန်တွင် ရဲမေ စစ်သမီးတို့၏ အရိပ်အယောင်ပင်မရှိပေ။
အတက်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်လုပ်ရင်း ရဲစခန်းတနေရာသို့ ပါသွားခဲ့သည်။ သို့သော် ထိုမျှနှင့်မပြီး၊ အခန်းကျဉ်းတခန်းအတွင်းရှိ ထိုင်ခုံတခုပေါ် လက်နောက်ပြန်လက်ထိပ်ခက်ထားရင်း မေးခွန်းများထရပ်စပ်မေးတော့သည်။ နောက်ဆုံး လိုချင်သောအဖြေကားမရသည့်အချိန်တွင် စစ်သားတစ်ယောက်က အရှိန်ဖြင့် ပြေးကန်ချက်တွင် မသဇင်တစ်ယောက် သတိမေ့ သွားခဲ့တော့သည်။ ဝုန်းကနဲ အသံကြားရပြီး အေးခဲစပ်ဖျင်းမှုတို့ဖြင့် သတိရလာရင်း စစ်ကြောရေးပို့မယ်ဟူသောအသံကြားလိုက်ရသည်။ သူမ ဘာမှတွေးမနေတော့။ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းရင်း တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိတော့သည်။
သို့သော် သူမကံကောင်းသည်။ စစ်ကြောရေးစခန်းများ မအားလပ်၍ ထောင်ချဖို့ပြင်ဆင်တော့မည်ဟုကြားရသည်။ ဤသို့ဖြင့် နွေဦးသဇင်တစ်ယောက် အင်းစိန်အကျဉ်းထောင်ဆီသို့ ခြေလှမ်းစခဲ့ရတော့သည်။ အင်းစိန်ထောင်တွင် သူမ တန်းစီးဖြစ်ခဲ့သည်။ အကျဉ်းခန်းထဲက ဘ၀တွေကို ကြိုးစားဖေးမခဲ့သည်။ သူမကြိုးစားရုန်းကန်ခဲ့သမျှကို ကျနော်တို့ #တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်podcast တွင် ရင်ဖွင့်ပြောပြခဲ့ပါတယ်။ အောက်က link ကို နိုပ်ပြီး ၀င်ရောက်နားဆင်နိုင်ပါတယ်။
သူကား ကျောင်းဆရာ။ ကိုယ်ပိုင်ကျောင်း အထက်တန်းကျောင်း အပြင်ကျောင်း အစုံက ကလေးများ၏ ဆရာ။ ဆရာပီသသောဆုံးဖြတ်ချကါဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြသည်၊နောက်ဆုံး လက်နက်ကိုင်သည်။ ထိုမှတဖန် နယ်စပ်စည်းမျဉ်းပေါ်က အလုပ်သမားများ၏ကလေးများကို ၏စာသင်ရင်း ကလေးများ၏ဘ၀ကို နိုင်သလောက်ပြုပြင်နေသူ။
သူဆန္ဒကား ရှင်းသည်။ မြန်မာပြည်ကိုပြန်လည်ဦးမော့လာနိုင်ရန် အဓိကအချက်သည် ပညာရေးပင်။ အနှစ်သာရမရှိ စာရွက်ပေါ်ကပညာရေးကို သူမနှစ်မြို့။ နိုင်ရာ၀န်ထမ်းရင်း ရှေ့ဆက်နေသည်။တခါတခါ ဘ၀က ဝိုးတဝါးဟု ခဏခဏ ညည်းတတ်သည်။ အသက်ငယ်သော်လည်း အတွေအကြုံက လူကြီးဆန်နေသော လူငယ်ဆရာတစ်ယောက်။ ထိုသူ၏ ဘ၀ခရီးကြမ်းကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
သူအမည်ကား ကိုစိုး။ တချိန်က ကိုယ်ပိုင် company တစ်ခုကို ကြိုးစားတည်ထောင်ပြီး အောင်မြေသို့ ရွတ်လွှင့်နေသော လူငယ်တစ်ယောက်။ စစ်အာဏာရှင် မင်းအောင်လှိုင်၏ကျေးဇူးဖြင့် တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသူ။
မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက်အောက်တွင် မွဲပြာကျနေခဲ့သည်။ အတော်အသင့်လွတ်လပ်ပြီး ပြန်လည်ဦးမော့ဖို့ အရာရာ အားယူနေရချိန်တွင် ဖြတ်ရိုက်ချခံရသလို ကိုစိုးခံစားရသည်။ လူငယ်များ၏အနာဂါတ်ကား ရေစုန်မျောပြီဟု သူနားလည်ထားသည်။ ထို့ကြောင့် နည်းစုံလမ်းစုံဖြင့် သူတော်လှန်သည်။
Digital တော်လှန်ရေးမှ ငြိမ်းချမ်းစွာတော်လှန်ရေး၊ ထို့နောက် လက်နက်ကိုင်တော်လှန်ရေးဆီသို့ သူဆက်သွားခဲ့သည်။ အဖွဲ့အစည်းမျိုးစုံဖြင့် ထိတွေ့ခဲ့ရပြီး အခြေခံသဘောသဘာကို ခြုံငုံမိလာချိန်တွင် သူနားလည်သော တော်လှန်ရေးကို သဘောပေါက်လာခဲ့သည်။
နွေဦးတော်လှန်ရေးမှ မွေးဖွားလာသူပီပီ တော်လှန်ရေးအစိုးရ NUG ကို အစိုးရတရပ် ပီပီပြင်ပြင် ဖြစ်စေချင်သူ၊ တိုင်းရင်းသားသွေးပါသော ကပြားတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်တွင် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုကို အခြေခံသော စနစ်ကို မျှော်လင့်နေသူ၊ တော်လှန်ရေး မကြာခင်ပြီးဆုံးတော့မည်ဟုလည်း မျှော်လင့်နေသူ။
သူ၏ ဘ၀အတွေ့အကြုံများနှင့် တော်လှန်ရေးအပေါ် ခံယူချက်များကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် ၀င်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။
ကိုအောင်သူရတို့ ခေတ်ကာလကား န၀တအစိုးရ၏ နောက်ဆုံး သက်တမ်းကာလဖြစ်သည့် အချိန်၊ နာဂစ်ကို အစပြု၍ သတင်းလောကထဲကို ခြေစုံပစ်၀င်ရောက်လာခဲ့သူဖြစ်သည်။ သတင်းနဲ့ပတ်သတ်လျှင် သတင်းသမားတစ်ယောက်၏တာ၀န်ကို ကောင်းစွာသဘောပေါက်သည်။ အာဏာရှင်သော ဒီမိုကရေစီသော သိပ်ဂရုမစိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို
နိုင်သည့်ဖက္မှ အစွမ်းကုန်ထမ်းသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်ကို ရရှိရန် အမြဲကြိုးစားအားထုတ်ခဲ့သူ။
သူ၏ကြိုးပမ်းမှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်ချမ်းသာရာ ရဖူးသည်။ အများပြည်သူ၏ အားပေးထောက်ခံမှုဖြင့် သတင်းသမားဘဝကို ပညာရှင်ဆန်ဆန် တည်ဆောက်ခဲ့သော ကိုသူရ၏ ဘဝကို အစပျိုးတိုက်ခတ်လာသည့် မုန်တိုင်းကား အာဏာသိမ်းမှုပင်။
စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် အငြင်းပွားလျက်ရှိသည့် အခြေအနေတွင် သူစဥ်းစားမိသည်ကား ပြည်သူ့မျက်နှာ။ ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူများ သိလိုသည်များကို စစ်ကောင်စီထံ မေးမြန်းရန် တာဝန်ကား သတင်းသမား၏တာဝန်။ ထို့ကြောင့် ပြည်သူများ သိလိုသော အကြောင်းအရာများကို စစ်တပ်ပြန်ကြားရေးအရာရှိအား ထိပ်တိုက္မေးမြန်းသည့်အခါ စစ်အာဏာရှင်၏သရုပ်ကား လုံးလုံးပေါ်လာတော့သည်။ သတင်းစာရှင်းလင်းပွဲအပြီး ရက်ပိုင်းအတွင်း အကြောင်းပြချက္မျိုးစုံဖြင့် စစ်ကျောရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ဘယ်လက်တဖက် ကောင်းကောင်း အလုပ်မလုပ်တော့။ ကြောက်လန့်သော်လည်း စစ်အာဏာရှင်အပေါ် ဘယ်လိုနည်းနဲ့တော်လှန်ရမလဲ အမြဲတွေးနေပြီး
ဒေါ်အောင်ဆန်းစုကြည်ပြောသော "စစ်မှန်သောသတ္တိဟု ဆိုသည့် ကိုသူရ။ ပြည်သူများ သတင်းအမှန်ရရှိရေးနှင့် မျက်စိပွင့်နားစွင့်နိုင်ရန် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း တာဝန်ကျေသောသူ၊ ထိုသူ၏ တော်လှန်ရေးအပေါ်ထားသည့်စိတ်၊ ထိရောက်သောလုပ်ဆောင်ချက္များနှင့် သုံးသက်ချက္များကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
မငယ်၏ဘ၀ကား အာဏာမသိမ်းခင် ကာလတွင် အလွန် သာယာလျက်ရှိသည်။ မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် ခိုင်မာသော အသက်မွေး၀မ်းကျောင်းနှင့် သူမ။ Covid အလွန်ကာလတွင် ရှိသမျှအားကုန် ရုန်းပြီး ကြိုးစားဖို့ပြင်ဆင်ပြီးချိန်လည်း ဖြစ်သည်။ စာသင်ကြားရေးကို ကိုယ်တိုင်ဦးစီးပြီး တဖက်က အထည်အလိပ်လုပ်ငန်းအတွက် ဆိုင်ခန်းပင် ခြောက်လစာ ချေပြီးဖြစ်သည်။ သို့သော် အရာရာအားလုံး သဲထဲရေသွန်ဖြစ်ကာ အဓိပ္ပါယ်မဲ့ခဲ့ရသော နေ့ကား တရားမ၀င်အာဏာသိမ်းမှုဖြစ်ပွားသောနေ့ဟု သူမဆိုသည်။ သို့သော် အရာရာပျက်စီးသွားရုံမျှနှင့် သူမမရပ်တန့်၊ ဆန္ဒပြပွဲများ ကျောင်းသားသပိတ်များတွင် အင်တိုက်အားတိုက်ပါ၀င်ခဲ့တော့သည်။ မြန်မာစစ်တပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အကြမ်းဖက် နိုမ်နင်းလာသည့်အချိန်တွင် သူမတို့လည်း အသက်လုပြေးရတော့သည်။ သူမအမှတ်ရနေသော အမှတ်တရအချို့ကား ဆန္ဒပြချိန်တွင် လက်ခုပ်တီးကြသော တိုက်ခန်းများက တကယ်ပြေးရချိန်တွင် တခါးမဖွင့်ပေးခြင်းဟု ဆိုသည်။ သို့သော် လူတိုင်းမဟုတ်။ အချို့က နွေးနွေးထွေးထွေး စောင့်ရှောက်ကြသည်။ ဤသို့ဖြင့် သူမတို့၏ သပိတ်ပြပွဲများ ကြဲလာချိန်တွင် သူမတို့ လွတ်မြောက်နယ်မြေသွားကာ။ လက်နက်ကိုင်ရန် စဉ်းစားစီစဉ်ကြသည်ဟု ဆိုသည်။ သို့သော် မိသားစုကို ငဲ့၍ အထမမြောက်ခဲ့။ ထို့နောက် ပုံမှန်လုပ်ခဲ့သော CDM ပံ့ပိုးမှုကို ဖိလုပ်ခဲ့သည်။ သို့သော် စစ်တပ်ကား အငြိမ်မနေ။ wave နှင့် K pay အကောင့်များ အပိတ်ခံရပြီး လိုက်လံစုံစမ်းခံရတော့သည်။ ထို့ကြောင့် မိသားစုများ တကွဲတပြားစီရှောင်ပြေးရင်း နောက်ဆုံး တဖက်နိုင်ငံသို့ တိမ်းရှောင် ခဲ့တော့သည်။ သူမ၏ပြောပြချက်ကား ဘယ်နေရာရောက်ရောက် နိုင်သမျှတာ၀န်ထမ်းရင်း နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါ၀င်သွားမည်ဟု ဆိုသည်။ ဤသို့ သူမ၏ နွေဦးဘ၀အကြောင်းကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။
သူမအလုပ်ကား သူနာပြု။ အတန်းပညာပင်စုံအောင်မထားနိုင်ကြသော သူမ၏ရွာတွင် သူမကား အထက်တန်းသူနာပြု။ သူမ၏အလုပ်ကို သူမလေးစားသည်၊ မြတ်နိုးသည်၊ ဘယ်လောက်ပင်ပန်းပင်ပန်း သက်သာသွားသောလူနာ၏ စိတ်ချမ်းသာမှုဖြင့် ပင်ပန်းမှုကို ဖြေဖြောက်တတ်သူ။ မိဘ မောင်နှမများကြောင့် သူမဖြစ်ချင်သော သူနာပြုဘ၀ကို ရရှိခဲ့ပြီး ဆယ်နှစ်ကျော် တာ၀န်ထမ်းခဲ့သည်။ သားသမီးနှစ်ဦးထွန်းကားပြီး ကလေးများအတွက် ပညာရေးမျှော်လင့်ချက်ရှိသူဖြစ်သည်။
တရားမ၀င်စစ်အာဏာသိမ်းပြီးချိန်တွင် ရိုးသားကြိုးစားသော သူမ၏ ဘ၀ကို မေးခွန်းပေါင်းများစွာ မေးရတော့သည်။ တနေကုန် နေမထိ ထိုင်မသာဖြင့် အခွင့်အရေးရသည်နှင့် ပြည်သူ့၀န်ထမ်းဘ၀ကို ရွေးချယ်ခဲ့တော့သည်။ ပထမဆုံး ထိခိုက်သည်မှာ မိသားစု၊ ၀န်ထမ်းအိမ်ယာမှ ဆင်းပေးရသည်။ ထို့နောက်ဆန္ဒပြပွဲများတွင် တောက်လျှောက်ပါ၀င်ရင်း စစ်ကောင်စီလက်ချက်ကြောင့် မိသားစုနှင့်အတူ လွတ်ရှာရှောင်ပုန်းရတော့သည်။ ရေမီးအနေအထိုင် အကုန်ခက်ခဲသော အမျိုးများရှိရာတောင်ပေါ်တွင် ပုန်းရှောင်ခဲ့ရပြီးနောက်ဆုံးတွင် သူမမိဘများရှိရာ ရွာသို့ ပြန်ခဲ့ရတော့သည်။ မကြာပါ၊ မြို့နယ်ဆရာ၀န်ကောင်းမှုဖြင့် စစ်သားများ အိမ်သို့ ဆိုက်ဆိုက်ရောက်လာပြီး ဖမ်းခေါ်ခံရတော့သည်။ ထိုအချိန်တွင် သမီးငယ်က တနေ့ကုန်အန်ပြီး နလံပင်မထူနိုင်သည့်အချိန်။ လူမဆန်သော သူများ၏ စီစဉ်မှုအောက်တွင် ကလေးပါ အချုပ်ထဲ အိပ်ခဲ့ရသည်။ ကံကောင်းထောက်မ၍ ကလေးနေပြန်ကောင်းသော်လည်း သူမကတော့ ငြိမ်းချမ်းစွာဆန္ဒပြပြီး အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် ထောင်နှစ်လ ကျခဲ့ရတော့သည်။ ထို့နောက် စွန့်စားမှုအစုံဖြင့် လွတ်မြောက်ရာသို့ တိမ်းရှောင်လာရပုံနှင့် ဘ၀အခက်အခဲများကို တရွေ့ရွေ့ကျော်ဖြတ်လာပုံကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်မည်ဖြစ်ပါသည်။
From the publisher's feed

51 Listeners